ဘန်ကောက်၊ ဇွန် ၉

ထိုင်းအစိုးရက အလုပ်ခန့်ထားရေး အတားအဆီးတွေကို ပြီးခဲ့တဲ့နှစ်က ဖြေလျှော့ပေးလိုက်ပြီးနောက် ထိုင်း နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ မြန်မာ ဒုက္ခသည် ၅၅၀၀ ကျော် အလုပ်အကိုင်တွေ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးတန်း အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ထိုင်းအစိုးရရဲ့ လုပ်ရပ်ဟာ ဒေသတွင်း တခြား နိုင်ငံတွေအတွက် ဥပမာ တစ်ခု ဖြစ်တယ်လို့လည်း အဲဒီအရာရှိက ဆိုတာပါ။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နိုင်ငံခြား အကူအညီ ဖြတ်တောက်မှုကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ရန်ပုံငွေ သိသိသာသာ လျော့ကျနေပြီး ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် လုပ်သားအင်အား ပြတ်လပ်မှုနဲ့ ထိုင်းအခက်ကြုံနေချိန်မှာ ဒီအစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်း ၉ ခုမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို အားကိုးပြီး ဒုက္ခသည်တွေ နေထိုင်လာခဲ့ကြတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပါတယ်။

ထိုင်းအစိုးရက ဒုက္ခသည်တွေအတွက် မူဝါဒ သိသိသာသာ ပြောင်းလဲမှုအဖြစ် မြန်မာနိုင်ငံက ဒုက္ခသည် ၈၀၀၀၀ ကို ထိုင်းမှာ အလုပ်လုပ်ခွင့် ပြုခဲ့ပါတယ်။

UNHCR လက်ထောက် ကော်မရှင်နာ မင်းကြီး ရာအော့ဖ် မာဇော့က ထိုင်းရဲ့ ကြိုးပမ်းမှုတွေဟာ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာတွေကြောင့် အခက်ကြုံနေရတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအတွက် စံပြ ပုံစံ တစ်ခု ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီနည်းလမ်းက ဒုက္ခသည်တွေ အများကြီး လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ချ်နဲ့ မလေးရှားတို့လို နိုင်ငံတွေအတွက် သင်ခန်းစာ ဖြစ်လာနိုင်ကြောင်း ဒုက္ခသည်တွေအနေနဲ့ သူတို့ကို လက်ခံထားတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးအတွက် အထောက်အကူ ပြုပေးနိုင်ပြီး အစိုးရရဲ့ ကြီးကြပ်မှုနဲ့ တရားဝင် ကာကွယ်မှု အောက်မှာ ဆက်ရှိနေနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီအစီအစဉ် ထိုင်းမှာ အဆင်ပြေတယ်ဆိုရင် ဒေသတဝှမ်း တခြား နိုင်ငံတွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်တယ်လို့ ရာအော့ဖ် မာဇော့က ဆိုတာပါ။

ထိုင်းမှာ အောက်တိုဘာလက ဒီစီမံကိန်း စတင်ပြီး နောက်ပိုင်း ဒုက္ခသည်တွေအတွက် တရားဝင် အကာအကွယ်ပေးရေး၊ အနည်းဆုံး အနိမ့်ဆုံး လခလစာပေးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက် အလုပ်ရှင်တွေက ဆောင်ရွက်ပေး ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းခဲ့ကြတယ်လို့ သူက ပြောပါတယ်။

လာမယ့်နှစ်မှာ ဒုက္ခသည် ၁၀၀၀၀ နဲ့ ၂၀၀၀၀ ကြား အလုပ်အကိုင်ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင့် အဲဒီ ကုလသမဂ္ဂ အရာရှိက ပြောဆိုထားပါတယ်။

Ref:Bangkokpost/Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.