ဘေဂျင်း၊ ဇွန် ၁၀
ဝါရှင်တန်က တရုတ် စစ်တပ်ကို ကူညီနေတဲ့တယ်လို့ ပြောတဲ့ ကုမ္ပဏီစာရင်းမှာ နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Alibaba နဲ့ Baidu တို့ကို ထည့်သွင်းလိုက်ပြီးနောက် အမေရိကန်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဘေဂျင်းအစိုးရက ဇွန် ၉ ရက်မှာ ပြောလိုက်ပါတယ်။
အဲဒီစာရင်း စောစောပိုင်း ပုံစံ တစ်ခုကို ပင်တဂွန်က ထုတ်ပြန်ပြီး မကြာခင် အကြောင်းပြချက် မပေးဘဲ ပြန်လည် ရုတ်သိမ်းခဲ့ပြီးနောက် လများစွာအကြာမှာ ဇွန် ၈ ရက်က နောက်ဆုံး ထုတ်ပြန်တာ ဖြစ်ပါတယ်။
အမေရိကန်က တရုတ် ကုမ္ပဏီတွေကို ကျိုးကြောင်း မညီညွတ်ဘဲ နှိပ်ကွပ်နေပြီး အမျိုးသား လုံခြုံရေး သဘောထားကို ယေဘုယျဆန်ဆန် ထားရှိမှုအပေါ် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဝါရှင်တန်အနေနဲ့ သူတို့ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေကို အမှန်ပြင်ဆင်ဖို့ ပြောခွင့်ရသူ လင်းက တိုက်တွန်းပြီး တရုတ် ကုမ္ပဏီတွေရဲ့ တရားဝင် အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်ရေး ဘေဂျင်းအနေနဲ့ လိုအပ်တာတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
စာရင်းအသစ်ထဲမှာ ကုမ္ပဏီပေါင်း ၈၀ နဲ့ သူတို့ရဲ့ လုပ်ငန်းခွဲတွေ ပါဝင်ပြီး ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းနဲ့ အများကြီး ဆင်တူနေပါတယ်။
အဲဒီစာရင်းမှာ ပြန်လည် ထည့်သွင်းခံရတဲ့ ကုမ္ပဏီ နှစ်ခုကတော့ ChangXin Memory Technologies နဲ့ Yangtze Memory Technologies တို့ ဖြစ်ပါတယ်။
ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်ဟာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်ဆုံး စမ်းသပ်လိုက်တာပဲ ဖြစ်ပါတယ်။
တရုတ် ကုမ္ပဏီတွေအနေနဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေကြရတာ ဖြစ်တာကြောင့် ဖောက်သည်တွေရဲ့ အချက်အလက်တွေ လုံခြုံမှု မရှိတာမျိုးလို ပြဿနာတွေ ဖန်တီးနိုင်တယ်လို့ အမေရိကန်က ယူဆထားတာ ကြာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဘေဂျင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပင်တဂွန်ရဲ့ အခု စာရင်း ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးမှုအတွင်း ရှီကျင့်ဖျင်နဲ့ ဒေါ်နယ် ထရန့်တို့က နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေဖို့ ကြိုပမ်းခဲ့ကြတာပါ၊
စက်တင်ဘာလအတွင်း ဝါရှင်တန်သို့ လာရောက်ဖို့ ဒေါ်နယ် ထရန့်က ရှီကျင့်ဖျင်ကို ဖိတ်ခေါ်ခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး စာရင်းမှာ ပစ်မှတ်ထားခံရတဲ့ ကုမ္ပဏီတွေဟာ ဉာဏ်ရည်တုလုပ်ငန်း နယ်ပယ်မှာ ပါဝင်နေတဲ့ Alibaba၊ Baidu နဲ့ Tencent စတဲ့တရုတ်နိုင်ငံရဲ့ ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
Tencent ဟာ အဲဒီအမည်စာရင်းမှာ ထည့်သွင်းခံထားရပြီးသား ကုမ္ပဏီ ဖြစ်ပါတယ်။
Alibaba က အဲဒီစာရင်းမှာ သူတို့ ကုမ္ပဏီ မှားယွင်း ထည့်သွင်းခံရတာ ဖြစ်တယ်လို့ ပြောကြားပြီး Baidu ကတော့ အဲဒီ စာရင်းမှာ သူတို့ ကုမ္ပဏီ ထည့်သွင်းခံရဖို့ ယုံကြည်ရလောက်တဲ့ ဥပဒေဆိုင်ရာ အထောက်အထား မရှိဘူးလို့ လူမှုမီဒီယာမှာ ဖော်ပြပါတယ်။
အဲဒီ လုပ်ရပ်တွေကို ပြစ်ဒဏ်ခတ်တဲ့ အစီအစဉ်တွေ အဖြစ် ရှုမြင်ထားကြပေမယ့် အခုလိုဆုံးဖြတ်ချက်တွေကြောင့် ကုမ္ပဏီတွေ တော်တော်များများအတွက် ချက်ချင်း လက်ငင်း ဥပဒေဆိုင်ရာ အရှုပ်အထွေး အနည်းငယ် ဖြစ်ပေါ်လာစေခဲ့ပါတယ်။
Ref:AFP

