ဒူဘိုင်း၊ဝါရှင်တန်၊ ဇွန် ၁၀

ဟောမု့ဇ် ရေလက်ကြားတဝှမ်း အီရန် ပစ်မှတ်တွေကို အမေရိကန်က တိုက်ခိုက်မှုအတွက် လက်စားချေတဲ့အနေနဲ့ ဇွန် ၁၀ ရက်မှာ ဂျော်ဒန်၊ ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောပါတယ်။

ဇွန် ၉ ရက်မှာ ဟောမု့ဇ် ရေလက်ကြားအနီး အမေရိကန် Apache ရဟတ်ယာဉ် တစ်စီးကို အီရန်က ပစ်ချခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီးနောက် အခုတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဧပြီလက နှစ်နိုင်ငံ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် အခု တိုက်ခိုက်မှုတွေဟာ အကြီးမားဆုံး အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။

တုံ့ပြန်မှုက အရမ်း အားကောင်းပြီး ပြင်းထန်သင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်လို့ ထရန့်က ABC News သို့ ဇွန် ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာတာကြောင့် စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု တစ်ရပ်အတွက် အလားအလာတွေနဲ့ ပတ်သက်လို့ သံသယတွေ ပိုများလာစေခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုတွေနဲ့ အတူ ဖေဖော်ဝါရီ ၂၈ ရက်က စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။

အီရန်က အမေရိကန် အခြေစိုက်စခန်းတွေကို လက်ခံထားတဲ့ ပင်လယ်ကွေ့ အိမ်နီးချင်း နိုင်ငံတွေကို တိုက်ခိုက်ပြီးတော့ တုံ့ပြန်ခဲ့ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် အရေးပါတဲ့ ရေလက်ကြားကို ပိတ်ဆို့ထားပါတယ်။

အမေရိကန်က နောက်ဆုံး တိုက်ခိုက်မှုအတွင်း အီရန်ရဲ့ လေကြောင်း ကာကွယ်ရေး၊ မြေပြင် ထိန်းချုပ်ရေး စခန်းတွေနဲ့ စောင့်ကြည့်ထောက်လှမ်းရေး ရေဒါတွေ ရှိတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

အီရန် ပစ်မှတ် ၂၀ နီးပါးကို တိုက်ခိုက်ခဲ့ပြီး လေးနာရီလောက် ကြာမြင့်ခဲ့တယ်လို့ အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။

အီရန် ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ် တားဆီးနိုင်ခဲ့ပြီး မိမိတို့ နယ်မြေ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဂျော်ဒန် စစ်တပ်က ဆိုပတယ်။

ကူဝိတ်နဲ့ ဘာရိန်းကလည်း အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

အမေရိကန်က နောက်ထပ် တိုက်ခိုက်ရင် မိမိတို့ကလည်း ထပ်ပြီး လက်တုံ့ပြန်မယ်လို့ အီရန်က ကြွေးကြော်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.