ဝါရှင်တန်၊ ဇွန် ၁၁
မြန်မာနိုင်ငံရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုက်ဘာ လူလိမ်ကွန်ရက်ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ ထိခိုက်သွားအောင် လုပ်ဆောင်လိုက်ကြောင်း အမေရိကန် ဥပဒေ စည်းကြပ်ရေး အေဂျင်စီ၊ ဖက်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) ပူးတွဲ လက်ထောက် ညွှန်ကြားရေးမှူး အန်ဒရူး ဘိုင်လေက ပြောပါတယ်။
“အဲဒီ ရာဇဝတ်ကောင် အုပ်စုတွေအတွက် ကျွန်တော့်ရဲ့ သတင်းစကားက ရှင်ပါတယ်။ မင်းတို့ ဘယ်သူတွေလဲဆိုတာ ငါတို့ သိတယ်။ မင်းတို့ ဘယ်လို လုပ်ကိုင်နေသလဲဆိုတာ ငါတို့ သိထားတယ်။ ပြီးတော့ ငါတို့ရဲ့ ဥပဒေ စည်းကြပ်ရေး မဟာမိတ်တွေနဲ့အတူ မင်းတို့ကို လိုက်ရှာဖွေ ဖြိုခွင်းပြီး တရားဥပဒေနဲ့ ရင်ဆိုင်ခိုင်းမှာ ဖြစ်တယ်” လို့ ဘိုင်လေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
လုပ်ငန်းကြီး အဆင့် လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေ၊ ဥပဒေမဲ့ အကြမ်းဖက်မှုတွေ၊ နယ်စပ် ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေနဲ့ ပတ်သက်လို့ ဇွန် ၁၀ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ သူက အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
FBI အေးဂျင့်တွေအနေနဲ့ အမေရိကန် ကျားဖြန့် တိုက်ဖျက်ရေး တပ်ဖွဲ့နဲ့အတူ အလုပ်လုပ်နေတယ်လို့ ဘိုင်လေက ကြေညာပါတယ်။
ဒီအဖွဲ့ဟာ အရှေ့တောင်အာရှရှိ အမေရိကန်တွေကို ပစ်မှတ်ထားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို တားဆီးရေး ၂၀၂၅ ခုနှစ် နိုဝင်ဘာက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဒီအဖွဲ့က မြန်မာနိုင်ငံရှိ ရာဇဝတ် လုပ်ငန်းစု တစ်ခုရဲ့ ဒီဂျစ်တယ် အခြေခံ အဆောက်အအုံကို အောင်မြင်စွာ ဖြိုဖျက်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိတဲ့ အင်တာနက် ငွေကြေးတွေကို သိမ်းယူနိုင်ခဲ့ပါတယ်။
ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးက တိုင်ချန်း ကျားဖြန့်လုပ်ငန်း အဆောက်အဦးဝင်းကို တိုက်ရိုက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ကျားဖြန့်လုပ်ငန်းစုကို ရွှန်ဒါ ပက်ခ်လို့လည်း ခေါ်ပြီး လုပ်ငန်းကြီး အဆင့် အင်တာနက် ငွေကြေး လိမ်လည်မှု၊ လူမှောင်ခိုကူးမှုတွေကို စီစဉ် လုပ်ဆောင်နေတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရာဇဝတ်မှု စုရပ် တစ်ခု ဖြစ်ပါတယ်။
ဒီလုပ်ငန်းစုဟာ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မင်းလက်ပံရွာမှာ တည်ရှိတာ ဖြစ်တယ်လို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။
အက်ဖ်ဘီအိုင်က ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆိုင်ဘာ လိမ်လည်မှု နှိမ်နှင်းရေး စင်တာနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး ဥပဒေချိုးဖောက်သူတွေကို ဖော်ထုတ်တာ၊ မြန်မာနိုင်ငံရှိ ကျားဖြန့် ဂိုဏ်းတွေကို ဖြိုခွဲတာတွေ လုပ်ဆောင်နေတယ်လို့ မစ္စတာ ဘိုင်လေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တိုင်ချန်း ကျားဖြန့်လုပ်ငန်းကို စီမံခန့်ခွဲသူ တရုတ်နိုင်ငံသား နှစ်ဦး အမေရိကန်မှာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြန်မာနဲ့ အရှေ့တောင်အာရှရှိ ကျားဖြန့် လုပ်ငန်းတွေကြောင့် အမေရိကန် နိုင်ငံသားတွေ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနေရတယ်လို့ အမေရိကန်အစိုးရ ရှေ့နေ ဂျင်းနီ ပီရာရိုက ပြောပါတယ်။
အမေရိကန်က မြန်မာနိုင်ငံမှာ နောက်ထပ် ရှိနေသေးတဲ့ ကျားဖြန့်လုပ်ငန်းတွေကိုလည်း နှိမ်နှင်းသွားဦးမှာ ဖြစ်ပြီး ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်နေသူတွေကိုလည်း ချန်ထားမှာ မဟုတ်ဘူးလို့ အက်ဖ်ဘီအိုင်က ပြောထားပါတယ်။
Ref:DVB

