ဝါရှင်တန်၊ ဇွန် ၁၁
အမေရိကန်မှာ ပြီးခဲ့တဲ့လမှာ ကုန်ဈေးနှုန်း သုံးနှစ်အတွင်း အမြန်ဆန်ဆုံးနှုန်းနဲ့ မြင့်တက်ခဲ့ပြီးနောက် သမ္မတ ဒေါ်နယ် ထရန့်က သူ့အနေနဲ့ ငွေဖောင်းပွမှုကို သဘောကျ နှစ်ခြိုက်တယ်လို့ ပြောလိုက်ပါတယ်။
အလုပ်သမား စာရင်းဇယား ဗျူရို (BLS) ရဲ့ ကိန်းဂဏန်းတွေမှာ စောစောပိုင်း တစ်နှစ်ကထက် ကုန်ဈေးနှုန်း ၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်သွားကြောင်း ဖော်ပြထားပါတယ်။
ဧပြီလအတွင်း ၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အီရန်မှာ အမေရိကန်-အစ္စရေး စစ်ပွဲ ဖြစ်နေချိန် စွမ်းအင်ဈေးနှုန်း မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
“ကျွန်တော် အဲဒါကို ချစ်ပါတယ်။ နံပါတ် အရေအတွက်တွေက ကြီးကျယ်ပါတယ်။ကျွန်တော် တကယ် ဘာကို ချစ်သလဲ ခင်ဗျားတို့ သိလား။ ငွေဖောင်းပွတာကို ကျွန်တော် ချစ်တယ်” လို့ ထရန့်က အိမ်ဖြူတော်ကနေ ပြောပါတယ်။
ဒါပေမဲ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေဟာ အီရန်စစ်ပွဲ ပြီးသွားချိန်မှာ ကျောက်တုံး တစ်တုံးလို ပြုတ်ကျလာလိမ့်မယ်လို့ သူက ကတိပေးပါတယ်။
ထရန့်က အဲဒီလို ပြောဆိုပြီး အဲဒီနေ့ နောက်ပိုင်းမှာ အမေရိကန် စစ်တပ်က အီရန်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ ပါတယ်။
ဇွန် ၁၀ ရက်မှာ ငွေဖောင်းပွမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ရာမှာ သမ္မတက အမေရိကန် တပ်ဖွဲ့တွေအနေနဲ့ အီရန်ဆီကနေ ရေနံစည် သန်းပေါင်းများစွာ ရရှိရေး ညအချိန် စစ်ဆင်ရေးတွေ ဆင်နွှဲနေတယ်လို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးတွေကြောင့် ရေနံဈေး ပါးပါးလေး ကျဆင်းခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီပဋိပက္ခပြီးသွားချိန်မှာ အရင်ကထက် ရေနံဈေးနှုန်း ကျဆင်းသွားတာ ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ်လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
၂၀၂၆ ခုနှစ် စောစောပိုင်းက အိုင်အိုဝါသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကို သူက ထောက်ပြပြီး ဓာတ်ဆီဈေးနှုန်း တစ်ဂါလန်ကို ၁ ဒသမ ၈၅ ဒေါ်လာနဲ့ ရောင်းနေတာ တွေ့ခဲ့ရပြီး များမကြာခင် အဲဒီ ဈေနှုန်းအတိုင်း ပြန်ဖြစ်မယ်လို့ ပြောပါတယ်။
ကမ္ဘာမှာ လူသုံးမှာတဲ့ Brent ရေနံစိမ်း ဈေးနှုန်းဟာ စစ်ပွဲ မတိုင်ခင်က ဈေနှုန်းထက် ပိုမြင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းဝယ်နေကြဆဲ ဖြစ်ပါတယ်။
အီရန်နဲ့ စစ်ခင်းနေပေမယ့် ငွေဖောင်းပွမှုနှုန်းဟာ မျှော်လင့်ထားတာထက် အများကြီး လျော့နည်းနေသေးတယ်လို့ ထရန့်က နယူးယောက်ခ် ပို့စ် သတင်းဌာနသို့ ပြောပါတယ်။
ဇွန် ၁၀ ရက်ဟာ အမေရိကန် စားသုံးသူ ကုန်ဈေးနှုန်း ညွှန်းကိန်း သုံးလ ဆက်တိုက် မြင့်တက်တဲ့နေ့ ဖြစ်ခဲ့ပြီး အီရန် စစ်ပွဲရဲ့ ရိုက်ခတ်မှု ဒဏ်ကို အမေရိကန် မိသားစုတွေ ခံစားရတာ ပိုများလာနေပြီ ဖြစ်ပါတယ်။
ငွေဖောင်းပွမှုဟာ ခေတ္တပူလောင်လာတဲ့ သဘောပဲလို့ ထရန့်က အရင်က ပြောခဲ့ဖူးပြီး စစ်ပွဲ အဆုံးသတ်ရင် မြန်မြန်ဆန်ဆန် အေးဆေးသွားလိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်က အမြင့်ဆုံး ဖြစ်ခဲ့တဲ့ ငွေဖောင်းပွမှုနှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်းထက်တော့ အခု ငွေဖောင်းပွမှုက အများကြီး နည်းနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီငွေဖောင်းပွမှုက ထရန့်အတွက် နိုင်ငံရေး ပြဿနာ တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်ပြီး နိုဝင်ဘာ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် မဲပေးမယ့် သူတွေက စီးပွားရေးဟာ ထိပ်တန်း စိုးရိမ်စရာ ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
ငွေဖောင်းပွမှု မြင့်မားလာတာကြောင့် အမေရိကန် ဗဟိုဘဏ်က သုံးစွဲမှု တားဆီးတဲ့ အနေနဲ့ အတိုးနှုန်း တိုးမြှင့်ထားပါတယ်။
Ref:BBC

