လန်ဒန်၊ သြဂုတ် ၁၈
ရုရှားနိုင်ငံထဲရှိ ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ဗြိတိန်နိုင်ငံထုတ် ဒရုန်းတွေကို အသုံးပြုနေကြောင်း အတည်ပြုပြီးနောက် ရုရှားက ဗြိတိန်ဟာ ယူကရီန်း ပဋိပက္ခ အရှိန်မြင့်တက်လာအောင် တမင်တကာ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
အဲဒီလို လုပ်ဆောင်ပြီးတော့ ဗြိတိန်ဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ကြံရာပါ ပူးပေါင်းကျူးလွန်သူအဖြစ် လှုပ်ရှားနေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
လန်ဒန် အစိုးရရဲ့ အဲဒီ လုပ်ရပ်တွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာမှာ ဖြစ်ပြီး ပိုပြီး ကြီးကြီးမားမား ပေးဆပ်ရမှာ ဖြစ်ကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗြိတိန်အနေနဲ့ ယူကရိန်းနဲ့ ရင်ဘောင်တန်းပြီး ရပ်တည်နေတယ်လို့ ပြောပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့တရားမဝင် ကျူးကျော် တိုက်ခိုက်မှု ရန်ကနေ ယူကရိန်းအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေး လိုအပ်တဲ့ လက်နက် ကိရိယာတွေ ပေးအပ်ရေး ဗြိတိန်က ကတိပြုထားကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
သြဂုတ် ၁၇ ရက် ညပိုင်းကနေ သြဂုတ် ၁၈ ရက်အထိ ရုရှားနဲ့ ယူကရိန်းတို့ နောက်ထပ် အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးနောက် အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သီးခြား ဗြိတိန် ကုမ္ပဏီ နှစ်ခုက ထုတ်လုပ်ထားတဲ့ အဲဒီ ဒရုန်းတွေကို ရုရှားနိုင်ငံထဲရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းက အသုံးပြုမှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းက ရုရှားရဲ့ ရေနံသန့်စင် စက်ရုံတွေနဲ့ အွန်လိုင်း လက်လီ အရောင်း ကုမ္ပဏီကြီး Wildberries ရဲ့ ကုန်လှောင်ရုံတွေအပြင် စစ်ဖက်ဆိုင်ရာနဲ့ စက်မှုလုပ်ငန်း ပစ်မှတ်တွေကိုပါ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းက အဲဒီ ကုမ္ပဏီကို အကြိမ်ကြိမ် ပစ်မှတ်ထားနေပြီး Wildberries ရဲ့ အကြီးမားဆုံး ပို့ဆောင်ရေး စင်တာ ၁၀ ခုထဲက ၇ ခုကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အသုံးပြုခဲ့တဲ့ ဗြိတိန် ဒရုန်းတွေကြောင့် ရုရှား စီးပွားရေး ထိခိုက် ဆုံးရှုံးမှု ပေါင် ၃၅ ဘီလီယံ ရှိတယ်လို့ စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။
ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက အင်အားအပြည့်နဲ့ ကျူးကျော် တိုက်ခိုက်ခဲ့ပြီး လက်ရှိ ယူကရိန်း နယ်မြေ ငါးပုံတစ်ပုံကို သိမ်းယူထားပါတယ်။’
ဗြိတိန်နိုင်ငံထုတ် ဒရုန်း အစိတ်အပိုင်းတွေ သုံးထားပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဒရုန်းတွေကို ရုရှား နယ်နိမိတ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းက အသုံးပြုနေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ဆိုပါတယ်။
နောက်ဆုံး တိုက်ခိုက်မှုအတွင်း မော်စကိုမြို့ ပတ်ဝန်းကျင်သို့ ဒရုန်း အစီးရေ ၆၂၀ လောက် ရောက်ရှိလာပြီး ရုရှား လေကြောင်း ကာကွယ်ရေးစနစ်က အစီးရေ ၁၈၀ ကျော်ကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှား အရာရှိတွေက ပြောပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရသူ အများအပြား ရှိပြီး ဗြိတိန်အနေနဲ့ ယူကရိန်းသို့ ဒရုန်းတွေ ပေးပို့ကူညီမှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့ ရုရှားက ကြုံးဝါးထားပါတယ်။
Ref:BBC

