ဝါရှင်တန်၊ သြဂုတ် ၁၉
အီရန်နဲ့ လက်ရှိ ဆွေးနွေးနေတာတွေ မရှိသလို ဆွေးနွေးဖို့ စီစဉ်ထားတာလည်း မရှိဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သြဂုတ် ၁၈ ရက်မှာ ပြောကြားပြီး ဟောမု့ဇ် ရေလက်ကြားကိုအမေရိကန် နယ်မြေသစ် တစ်ခု အဖြစ် ဖော်ပြထားတဲ့ မြေပုံကို လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ခြောက်လနီးပါးကြာ အီရန် စစ်ပွဲဟာ အဖြေထွက်မယ့် လက္ခဏာ နည်းနည်းလေးနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ အရေးပါတဲ့ စွမ်းအင်ဆိုင်ရာ ရေလမ်းကြောင်း အပေါ် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ရေး သူ့ရဲ့ ခြိမ်းခြောက်မှုအတွက် ဖိအားပေးနေပါတယ်။
ထရန့်ရဲ့ ကိုယ်စားလှယ်၊ သမက်ဖြစ်သူ ဂျာရက် ကူရှ်နာက အမေရိကန်နဲ့ အီရန်တို့ အရမ်း အပြုသဘောဆောင်ပြီး တက်ကြွတဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သြဂုတ် ၁၇ ရက်မှာ ပြောဆိုပါတယ်။
ဒါပေမဲ့ သမ္မတက အီရန်နဲ့ ဆွေးနွေးမှုမရှိဘူးလို့ ငြင်းဆိုထားတာ ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်ထောင်စုနဲ့ ဆွေးနွေးမှုတွေ ဒါမှမဟုတ် ပြောဆိုမှုတွေ ပြုလုပ်နေတာ မရှိသလို စီစဉ်ထားတာလည်း မရှိပါဘူး။ ရေတပ်ပိတ်ဆို့မှုကို အင်အားအပြည့်နဲ့ ထိထိရောက်ရောက် ဆက်လက် လုပ်ဆောင်ထားဆဲ ဖြစ်တယ်လို့ ထရန့်က Truth Socialလူမှုမီဒီယာမှာ ရေးသားထား ပါတယ်။
ဟောမု့ဇ် ရေလက်ကြား ဖွင့်လှစ်ထားပြီး လည်ပတ်မှု ရှိနေပါတယ်။ ရေအောက်က မိုင်းတွေအားလုံး ဖယ်ရှား ရှင်းလင်းပြီး ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
အီရန်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ အမေရိကန် သတင်းရင်းမြစ်တွေက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားပေမယ့် ထရန့်က စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထားပြီး အီရန် သဘောတူညီမှု ရယူဖို့ အဆင်သင့် မဖြစ်သေးခင်အထိ စေ့စပ်မှုတွေ မလုပ်ဖို့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားထားတယ်လို့ ဆိုပါတယ်။
မကြာသေးခင် သီတင်းပတ်တွေက တိုက်ခိုက်မှုတွေ ငြိမ်သက်နေခဲ့ပေမယ့် အီရန်က ပဲ့ထိန်း ဒုံးကျည် နှစ်လုံးနဲ့ ပစ်ခတ်ခဲ့ပြီး ပင်လယ်ထဲသို့ ကျရောက်ခဲ့တယ်လို့ ယူအေအီးက သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။
ဒါဟာ ရေကြောင်းသွားလာမှုကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ယူအေအီးက ပြောပေမယ့် ယူအေအီးကို ဒုံးကျည်နဲ့ ပစ်ခတ်မှု မရှိဘူးလို့ အီရန်က ငြင်းဆိုထားပါတယ်။
အဲဒီနောက် မကြာခင် ယူအေအီးက ဒေသဆိုင်ရာ တင်းမာမှု အရှိန်မြင့်တက်လာမှုကြောင့် အီရန်နဲ့ ကုန်သွယ်မှုတွေ၊ စီးပွားရေးဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ လွှဲပြောင်းမှု အားလုံးကို ရပ်ဆိုင်းထားလိုက်ပြီလို့ ပြောပါတယ်။
စစ်ပွဲရဲ့ ပထမဆုံး ကာလအတွင်း ယူအေအီးဟာ အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။
ဒါပေမဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ရည်ရွယ်တဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ဇွန်လက နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တိုက်ခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ပွဲ မတိုင်ခင်က ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံ ဖြတ်သန်းစီးဆင်းရာ ချုပ်ကွက် နေရာကို အီရန်က ထိထိရောက်ရောက် ပိတ်ထားခဲ့ပါတယ်။
ဖေဖော်ဝါရီ လကုန်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ စစ်ပွဲအတွက် လက်စားချေတဲ့အနေနဲ့ အီရန်က အဲဒီလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အတားအဆီးနဲ့ ရင်ဆိုင်နေရတဲ့ ထရန့်က နိုင်ငံခြားနယ်မြေတွေကို ပိုင်နက်ထဲ သွပ်သွင်းဖို့ ပြောဆိုတာဟာ ယခု ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
၂၀၂၅ ခုနှစ်မှာ အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီး နောက်ပိုင်း သူက ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာအောင် လုပ်ပစ်မယ်၊ ဂရင်းလန်းနဲ့ ကျူးဘားကို သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ဂါဇာ ကမ်းမြောင် ဒေသကို ထိန်းချုပ်ဖို့တောင် ပြောဆိုခဲ့ပါတယ်။
အီရန် ဆိပ်ကမ်းတွေကိူ အမေရိကန် ပိတ်ဆို့ထားမှု အဆုံးသတ်ရေး ရေနံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရပ်တန့်ရေး၊ သိမ်းဆည်းထားတဲ့ အီရန် ပိုင်ဆိုင်မှုတွေ ပြန်ပေးရေး စစ်ပွဲကြောင့် ပျက်စီးမှုတွေအတွက် လျော်ကြေးပေးရေး အပါအဝင် မိမိတို့ တောင်းဆိုမှုတွေကို အမေရိကန်က လိုက်လျောမှ ရေလမ်းကြောင်း ဖွင့်ပေးမယ်လို့ ပြောထား ပါတယ်။
ထရန့် အနေနဲ့ အရမ်း သည်းခံ စောင့်ဆိုင်းနေပြီး အီရန်နဲ့ အလျင်စလို သဘောတူညီမှု ရယူသွားမှာ မဟုတ်ဘူးလို့ ကူရှ်နာက Fox News သတင်းဌာနသို့ သြဂုတ် ၁၇ ရက်မှာ ပြောကြားခဲ့ ပါတယ်။
Ref:BBC

