ဘန်ကောက်၊ သြဂုတ် ၁၉
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် ခရိုင် ၇ ခုမှာ ခိုလှုံရေးအဆောက်အဦတွေ တည်ဆောက်ရေး သတိပေးစနစ်တွေနဲ့ ဆက်သွယ်ရေး စနစ်အဆင့်တိုးမြှင့်ရေး အရေးပေါ် ရန်ပုံငွေအဖြစ် ဘတ် ၄၃၃ ဒသမ ၅ သန်း သုံးစွဲဖို့ ထိုင်းအစိုးရ အဖွဲ့က သြဂုတ် ၁၈ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။
ခွင့်ပြုထားတဲ့ ဘက်ဂျက်ကို နယ်စပ်ဒေသ လူထု အတွက် လုံခြုံရေးနဲ့ အရေးပေါ် ကြိုတင် ပြင်ဆင်မှု အားကောင်းလာစေရေး ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ခရိုင် အုပ်ချုပ်ရေး ဌာနသို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီ ရန်ပုံငွေ အရေးပေါ် အစီအစဉ် သုံးခု အတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လာလီဒါ ပါစမီဗာတာနာက ပြောပါတယ်။
စုစုပေါင်း ဘတ် ၃၆၁ သန်းကို ကတုတ်ကျင်း၊ ခိုလှုံရေး အဆောက်အအုံ တည်ဆောက်ရေး အတွက် အသုံးပြုမှာ ဖြစ်ပြီး နောက်ထပ် ဘတ် ၂၂ ဒသမ ၈၈ သန်းကို ကျေးရွာ အများပြည်သူဆိုင်ရာ အသိပေး ကြေညာရေး မျှော်စင် ၁၄၃ ခု အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
နောက်ထပ် ဘတ် ၄၉ ဒသမ ၆၂ သန်းကို နယ်စပ် ခရိုင် ၇ ခုမှာ ဒီဂျစ်တယ် ရေဒီယို ဆက်သွယ်ရေး စနစ် အဆင့်မြှင့်တင်ရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်တွေက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေမှာ ဒေသခံတွေနဲ့ အရာရှိများ အတွက် ဘေးကင်းရေး ဧရိယာ စီမံပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အာဏာပိုင်တွအနေနဲ့ အရေးပေါ် သတိပေးချက်တွေနဲ့ တခြား သတင်းအချက်အလက်တွေကို ဒေသခံများဆီ ပိုမိုလျင်မြန်စွာ ပေးပို့နိုင်မှာလည်း ဖြစ်ပါတယ်။
အဲဒီစီမံကိန်းက ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေ၊ စေတနာ့ ဝန်ထမ်း ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မူလ အခြေအနေ ထိန်းသိမ်းရေး၊ ဒေသခံတွေကို ကာကွယ်ပေးရေး၊ ဒေသခံတွေ ဘေးကင်းရာ ပြောင်းရွှေ့ရတဲ့ အချိန်တွေမှာ လူနေအိမ်တွေနဲ့ ပစ္စည်းဥစ္စာ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် တာဝန်ရှိတဲ့ လုံခြုံရေး အဖွဲ့တွေ အတွက်လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
အခြေခံ အဆောက်အဦ အခြေအနေတိုးတက်လာရင် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေ၊ မှောင်ခိုကူးမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအပါအဝင် နယ်စပ် တလျှောက် တခြားသော လုံခြုံရေး အန္တရာယ်တွေကို အာဏာပိုင်တွေရဲ့တုံ့ပြန်နိုင်စွမ်း ပိုမို အားကောင်းလာစေမှာ ဖြစ်တယ်လို့ မစ္စတာ လာလီဒါက ပြောပါတယ်။
အစိုးရရဲ့ ထိပ်တန်း ဦးစားပေး ကိစ္စဟာ နယ်စပ်ဒေသနေ ပြည်သူတွေရဲ့ ဘေးကင်းရေးပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီရန်ပုံငွေတွေကို အလျင်အမြန် အကောင်အထည် ဖော်နိုင်မယ့် အစီအစဉ်တွေအတွက် အဓိက သုံးမှာ ဖြစ်ပြီး အရေးပေါ် ကာလအတွင်း တိုက်ရိုက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ မစ္စတာ လာလီဒါက ဖြည့်စွက် ပြောဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ပွဲဟာ ရပ်ဆိုင်းသွားပြီ ဆိုပေမယ့် အပြီးသတ် အဖြေ ထွက်ပေါ်မလာသေးဘဲ နှစ်ဖက် စလုံး ကုန်သွယ်ရေး ထိခိုက်မှုတွေ ရှိနေပါတယ်။
နှစ်ဖက် တင်းမာမှုတွေ ရှိနေသေးတဲ့ အချိန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းစစ်သား တစ်ဦး နယ်စပ်မှာ ကင်းလှည့်နေချိန် မြေမြှုပ်မိုင်း တက်နင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရ ပါတယ်။
ကမ္ဘောဒီးယားရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ထိုင်းစစ်တပ်က မျက်ခြေ မပြတ် စောင့်ကြည့်နေပြီး နယ်စပ်မှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတဲ့ အပြင် ပုံမှန် ကင်းလှည့် စောင့်ကြပ်မှုတွေလည်း ပြုလုပ်နေပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာကြာ တအုံ့နွေးနွေး ဖြစ်နေခဲ့တဲ့ နယ်စပ် အငြင်းပွားမှုကြောင့် နှစ်နိုင်ငံ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေ ပါဝင်တဲ့ စစ်ပွဲ ဖြစ်ပွားခဲ့ပြီး ထိုင်းရှိ ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ မိခင်နိုင်ငံသို့ ပြန်သွားခဲ့ကြ ပါတယ်။
ထိုင်းက နှစ်နိုင်ငံ နယ်စပ်ကို ပိတ်ထားပြီး စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို နှစ်နိုင်ငံစလုံး နောင်နှစ်များစွာ ကြာအောင် ရင်ဆိုင်ရလိမ့်မယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
Ref: Khaosod English

