ဆိုးလ်၊ သြဂုတ် ၁၉
ဝါရှင်တန်ရဲ့ တောင်းဆိုမှုကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ကာလကို ၆ ရက် လျှော့ချလိုက်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
၂၀၂၆ Ulchi Freedom Shield ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေရဲ့ ကြာချိန်နဲ့ အတိုင်းအတာကို အမေရိကန်ဖက်က အဆိုပြုမှုကြောင့် ပြန်ညှိလိုက်ကြောင်း ဆိုးလ်အစိုးရက ပြောပါတယ်။
အခုအချိန်မှာ စစ်ရေး လေ့ကျင့်မှုတွေကို စီစဉ်ထားတဲ့အတိုင်း သြဂုတ် ၂၇ ရက်မှာ အဆုံးသတ်မယ့်အစား ၂၁ ရက်မှာ ပြောင်းရွှေ့အဆုံးသတ်မှာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ အလွန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောကြားပြီး တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ လျှော့ချမယ့် အစီအစဉ်တွေ ကြေညာခဲ့ပြီးနောက် တောင်ကိုရီးယားရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထရန့်ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အရာရှိတွေရော အမေရိကန် အရာရှိတွေပါ တင်ကြို မသိရှိခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဟွန်က လွှတ်တော် ကြားနာမှုအတွင်း ပြောပါတယ်။
အဲဒီ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်မယ့် စုပေါင်း စစ်မြေပြင် လေ့ကျင့်မှု အတိုင်းအတာကိုလည်း လျှော့ချသွားမှာ ဖြစ်ပေမယ့် လျှော့ချမယ့် အသေးစိတ် အခြေအနေကို ဆွေးနွေးနေဆဲ ဖြစ်ကြောင်း တောင်ကိုရီးယားက တုံ့ပြန်ပါတယ်။
ဒီလို မကြုံစဖူး လုပ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး အခြေခံ အုတ်မြစ် ဖြစ်တဲ့ ကာကွယ်ရေး သဘောတူညီမှုအရ အကူအညီ ပေးရေးနဲ့ ကြုံလာရင် အမေရိကန်ရဲ့ ကတိပြုမှုအပေါ် တောင်ကိုရီးယားရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
ဒါက ဒေသတွင်းရှိ ဂျပန်နဲ့ ထိုင်ဝမ်တို့လို တခြား အမေရိကန် မဟာမိတ်တွေ အတွက်လည်း အချက်ပြလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေဟာ ကုန်ကျစရိတ်များပြီး ရန်လိုတဲ့ သဘော သက်ရောက်နေသလို ပူးတွဲ စစ်ရေး လေ့ကျင့်မှု ကုန်ကျစရိတ်ကိုလည်း အမေရိကန်ပဲ အစဉ် ပေးနေရတယ်လို့ ထရန့်က ပြောထားတာပါ။
ထရန့်က အခုနှစ် အတွင်း မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံရေး သူ့ရဲ့ လက်ထောက် အရာရှိတွေကို တွန်းအားပေးနေကြောင်း ဝေါလ်စထရိဒ် ဂျာနယ်က ဖော်ပြထားပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ် လာတာပါ။
မြောက်ကိုရီးယားနဲ့အမေရိကန် စေ့စပ် ဆွေးနွေးလို့အဖြေရှာနိုင်ရင် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ် အေးချမ်းလာနိုင်ကြောင်း တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေးဝန်ကြီးက ပြောထားပါတယ်။
တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်ကလည်း မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး ဆွေးနွေးလိုကြောင်း ပြောဆိုထားပါတယ်။
တောင်ကိုရီးယားဟာ အီရန် စစ်ပွဲမှာ မိမိတို့ကို နည်းနည်းလေးတောင် ကူညီ မပေးခဲ့တာကြောင့် အခုလိုမျိုး ဆုံးဖြတ်တာ ဖြစ်တယ်လို့ ထရန့်က ပြောထားပါတယ်။
မြောက်ကိုရီးယား အန္တရာယ်က ကာကွယ်ရေး တောင်ကိုရီးယားသို့ မိမိတို့ စစ်သား ၃၉၀၀၀ စေလွှတ်ပေးထားပေမယ့် တောင်ကိုရီးယားက အီရန် စစ်ပွဲမှာ မိမိတို့ကို နည်းနည်းလေးတောင် ကူညီမပေးခဲ့ဘူးလို့ ထရန့်က ပြောဆိုထားပါတယ်။
Ref:BBC

