ဘေဂျင်း၊ သြဂုတ် ၁၉
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုး သည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ် တစ်လုံး ပြိုကျကာ မြေပြိုမှု တစ်ခုအတွင်း လူ ၁၀ ဦး သေဆုံးခဲ့ပြီး ကြိုတင် သတိထားတဲ့ အနေနဲ့ လူထောင်ပေါင်း များစွာကို ဘေးကင်းရာ ရွှေ့ပြောင်းထားရကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း CCTV က သြဂုတ် ၁၉ ရက်မှာ ကြေညာပါတယ်။
ချန်ဒူးနဲ့ ကျီကောင်းဒေသတို့ အပါအဝင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးသည်းထန်းစွာ ရွာသွန်းပြီးနောက် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အရာရှိတွေက လူပေါင်း ၂၁၇၈၄ ဦးအား ဘေးကင်းရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။
သြဂုတ် ၁၇ ရက်က စီချွမ်ပြည်နယ်မှာ ကလေးတွေ ကောလိပ် စာမေးပွဲ ရလဒ်အတွက် အောင်ပွဲခံတဲ့ ညနေစာ ပါတီပွဲ ကျင်းပနေတဲ့ အိမ်တစ်အိမ်မှာ ခေါင်မိုးနဲ့ နံရံပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြထား ပါတယ်။
စီချွမ်ပြည်နယ် ချန်နင်းဒေသရှိ နေအိမ်မှာ လူ ၃ ဦး သေဆုံးပြီး နှစ်ဦးဟာ ဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရသူ ၁၇ ဦးကို ဆေးကုသပေးနေပြီး ထိခိုက်သေဆုံးသူတွေထဲမှာ ကလေးတွေ ဒါမှမဟုတ် လူငယ်တွေ ပါသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
စီချွမ်အာဏာပိုင်တွေက အခုသီတင်းပတ်အတွင်း မိုးသည်းထန်မှု သတိပေးချက် ထုတ်ပြန်ခဲ့ပြီး သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေးခဲ့ပါတယ်။
သြဂုတ် ၁၈ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝ ဘေးအန္တရာယ် နှစ်ခု ဖြစ်ပွားပြီး တောင်ထူထပ်တဲ့ ကာဇီနဲ့ အေဘာဒေသတို့မှာ လမ်းတွေ ကျိုးပျက် ပြတ်တောက်သွားခဲ့ကြောင်း CCTV က ဖော်ပြထားပါတယ်။
သြဂုတ် ၁၇ ရက်က ကွန်းရှီဒေသမှာ လူ ၅ ဦး မြေကြီးထဲ နစ်မြုပ်သွားခဲ့တဲ့ မြေပြိုမှု ဖြစ်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။
အဲဒီက လူ ၅ ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ နောက်ပိုင်းမှာ ဆွဲထုတ်ယူနိုင်ခဲ့တယ်လို့ CCTV က ဖော်ပြပါတယ်။
မြင့်မားတဲ့ တောင်ကမ်းပါးက တည်ငြိမ်မှု မရှိတဲ့ သဲနဲ့ ကျောက်စရစ်တွေကြောင့် မြေပြိုမှုတွေ ဖြစ်ပွားနိုင်ကြောင်း အရာရှိတွေက စောစောပိုင်းက ပြောထားပါတယ်။
နွေရာသီ စတင်ကတည်းက ကွန်းရှီ ဒေသဟာ တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်းဒေသ တော်တော်များများလိုပဲ မိုးသည်းထန်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေနဲ့ မကြာသေးခင်ကမှ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဏာပိုင်တွေက ဒေသခံတွေကို စောစောစီးစီး ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်တာ၊ ကယ်ဆယ်ရေး အစီအစဉ်တွေ အားကောင်းတာကြောင့် လူတွေ ထိခိုက် သေဆုံးမှု လျော့နည်းခဲ့ပါတယ်။
Ref:Reuters

