ဘာတမ် ၊ သြဂုတ် ၂၀
ဆူးမတြားကျွန်းအလွန်မှာ ကြားဖြတ်တားဆီးခဲ့တဲ့ သင်္ဘော တစ်စီးပေါ်ကနေ မက်သာဖက်တမင်း ဆေးအရည် ၂ ဒသမ ၆ တန်နဲ့အတူ မြန်မာ သင်္ဘောသား ၁၀ ဦးကို ဖမ်းဆီးထားကြောင်း အင်ဒိုနီးရှား အရာရှိတွေက သြဂုတ် ၁၉ ရက်မှာ ပြောပါတယ်။
အင်ဒိုနီးရှားမှာ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေထဲက တစ်ခုအတွင်း ဖမ်းဆီးထားတဲ့ မြန်မာ သင်္ဘောသားတွေဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ ကွန်ရက်မှာ ပါဝင်နေသူတွေ ဖြစ်တယ်လို့ အရာရှိတွေက သံသယရှိနေပါတယ်။
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ကနေ အင်ဒိုနီးရှား ရေပြင်ဆီသို့ မူးယစ်ဆေး တင်ဆောင်လာတဲ့ သင်္ဘောနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်း ရရှိပြီးနောက် အင်ဒိုနီးရှား အမျိုးသား မူးယစ်ဆေးဝါး အေဂျင်စီ၊ အကောက်ခွန် အရာရှိတွေနဲ့ ရီအုကျွန်း ရဲတပ်ဖွဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သြဂုတ် ၁၇ ရက်မှာ အဲဒီ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ညွှန်ကြားရေးမှူး ရွိုင်းဟာဒီ ရှီယာဟန်က ပြောပါတယ်။
ပြစ်မှုထင်ရှားတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို သေနတ်ပစ် တပ်ဖွဲ့နဲ့ တစ်ခါတရံ ကွပ်မျက်မှု ရှိနေပြီး အလွန် တင်းကြပ်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေတွေ ရှိနေပေမယ့် အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှရဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စုရပ် တစ်ခု ဖြစ်နေပါတယ်။
တန်ဇန်းနီးယား အလံ လွှင့်ထူထားတဲ့ MV Ocean Porter သင်္ဘောကို ရီအုပြည်နယ် တန်ဂျုံးပါရစ်ဒေသအလွန် ရေပြင်မှာ အရာရှိတွေက တားဆီး စစ်ဆေးခဲ့ပြီး စင်ကာပူနိုင်ငံအနီး ဘာတမ်ကျွန်းမှာ အခြေစိုက်တဲ့ အကောက်ခွန်ဌာနသို့ ဆွဲခေါ်လာခဲ့ကြောင်း ရှီယာဟန်က ပြောပါတယ်။
အဲဒီ သင်္ဘောရဲ့ မူလ အမည်ဟာ MV Rain Maker ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ရှောင်ရှားရေး နာမည် ပြောင်းထားတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ယုံကြည်ထားခဲ့ပါတယ်။
စုံစမ်းစစ်ဆေးသူတွေက သင်္ဘောရဲ့ ရေတိုင်ကီတွေနဲ့ စည် ၈ လုံးထဲမှာ ဝှက်ပြီး သယ်ဆောင်လာတဲ့ မက်သာဖက်တမင်း မူးယစ်ဆေးအရည် ၂ ဒသမ ၆ တန်ကို တွေ့ရှိခဲ့ပြီး အခုနှစ် အင်ဒိုနီးရှားမှာ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေထဲက တစ်ခု ဖြစ်တယ်လို့ ရှီယာဟန်က ပြောပါတယ်။
ဘန်တန် ဆိပ်ကမ်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ မြန်မာ သင်္ဘောသား ၁၀ ဦးကို စီတန်းလှည့်လည် ပြသခဲ့ပါတယ်။
အဲဒီ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုကွန်ရက်ကို ဖော်ထုတ် ဖြိုခွင်းဖို့ အာဏာပိုင်တွေ ဆောင်ရွက်နေချိန်မှာ သင်္ဘောသားတွေနဲ့ သက်သေ အထောက်အထားတွေကို အပြင်းအထန် ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ရှီယာဟန်က ဆိုတာပါ။
ဘင်တန်ကျွန်းအလွန်မှာ MV King Sun လို့ နာမည် တပ်ထားတဲ့ သင်္ဘောကို အရာရှိတွေက ကြားဖြတ်တားဆီး ကက်တမင်း မူးယစ်ဆေး ၁ ဒသမ ၃ တန်ကို သိမ်းဆည်းရမိခဲ့ပြီးနောက် သီတင်းနှစ်ပတ် မပြည့်ခင် အခုလို မူးယစ်ဆေးတွေ ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ကက်တမင်း မူးယစ်ဆေးများနဲ့အတူ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး အပါဝင် သင်္ဘောသား ၈ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဒါဟာလည်း အင်ဒိုနီးရှားမှာ ဖမ်းဆီးရမိခဲ့တဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။
ထိုင်းအရာရှိတွေပါဝင်တဲ့ နိုင်ငံစုံ ထောက်လှမ်းရေး စုံစမ်းမှု သုံးလကြာပြုလုပ်ခဲ့ပြီးနောက် အခုလိုမျိုး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ အင်ဒီုနီးရှား အရာရှိတွေက ပြောထားပါတယ်။
အင်ဒိုနီရှားမှာ ကမ်းရိုးတန်းဒေသဟာ ကျယ်ပြောပြီး အဓိက ဒေသဆိုင်ရာ သင်္ဘောလမ်းကြောင်းတွေနဲ့ နီးတာကြောင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုမှုတွေဟာ မိမိတို့ ရေပြင်နယ်စပ်ကို မကြာခဏ ဖြတ်သန်းလေ့ရှိတယ်လို့ ရှီယာဟန်က ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ များပြားတဲ့ လူငယ်ထုကို ပစ်မှတ်ထားနေတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်းတွေကြောင့် တစ်စိတ်တစ်ပိုင်းအနေနဲ့ အင်ဒိုနီးရှားဟာ အဓိက မူးယစ်ဆေးဝါး မှောင်ခိုကူးမှုစုရပ် ဖြစ်နေတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အင်ဒိုနီရှား အာဏာပိုင်တွေဟာ အမျိုးသမီး ၂၉ ဦးနဲ့ နိုင်ငံခြားသား ၇ ဦး အပါအဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု သံသယရှိသူ ၂၈၅ ဦး ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံခြားသား ၉၀ ဦး အပါအဝင် လူပေါင်း ၅၃၀ လောက်ကို အင်ဒိုနီးရှားက သေဒဏ် ပေးထားပြီး အများစုဟာ မူးယစ်ဆေးနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကြောင့် ဖြစ်တယ်လို့ အကျဉ်းဦးစီးနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Ref:DailyMail

