ဝါရှင်တန်၊ သြဂုတ် ၂၀
အီရန်ကို ကူညီနေတာ ဒါမှမဟုတ် အီရန်နဲ့ စီးပွားရေး လုပ်နေတဲ့ နိုင်ငံမှန်သမျှ ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရအောင် အမေရိကန်က လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။
အီရန်ကို ကူညီပေးနေတဲ့ ဘယ်နိုင်ငံကိုမဆို စီးပွားရေးအရ ညက်ညက်ကြေအောင် လုပ်ပစ်မယ်လို့ ထရန့်က လူမှုမီဒီယာမှာ အကြီးစား စားလုံးတွေနဲ့ ရေးသားဖော်ပြထားပါတယ်။
ဒါပေမဲ့ သူက နောက်ထပ် အသေးစိတ်ကို မဖော်ပြထားသလို ဘယ်နိုင်ငံကို အဲဒီလိုလုပ်မလဲ ဆိုတာကိုလည်း နာမည် ဖော်ပြထားတာ မရှိပါဘူး။
အီရန်နဲ့ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲမှု သြဂုတ် ၁၇ ရက်မှာ သက်တမ်းကုန်ခဲ့ပြီး သံတမန်ရေးနဲ့ စစ်ရေးအရ ပြတ်သားတဲ့ အဖြေထွက်ပေါ်ဖို့ လက္ခဏာ တစ်ခုမှ မတွေ့ရသေးတဲ့ အချိန်မှာ ထရန့်က အခုလိုမျိုး ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။
ထရန့်ရဲ့ နောက်ဆုံး လုပ်ရပ်က တီဟီရန်နဲ့ စီးပွားရေး လုပ်တဲ့ နိုင်ငံခြားဘဏ်တွေ နဲ့ လုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဧပြီလက စတင်ခဲ့တဲ့ “စီးပွားရေး ဒေါသ စစ်ဆင်ရေး” အစီအစဉ်ကို ဖိအားဆက်ပေးဖို့ ရည်ရွယ်ပုံရပါတယ်။
သြဂုတ် ၁၉ ရက် ညနေပိုင်းက လူမှုမီဒီယာမှာ ဖော်ပြရာမှာ ထရန့်က အီရန်ဟာ အမေရိကန်နဲ့ သဘောတူညီမှု ရယူဖို့ ပျက်ကွက်တာကြောင့် အီရန်အပေါ် စီးပွားရေး စစ်ပွဲ စတင်ကြောင်း ရေးသား ဖော်ပြထားပါတယ်။
အီရန်ကို နည်းလမ်း တစ်မျိုးမျိုးနဲ့ အသက်ဆက်နိုင်အောင် ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ လေဆိပ်တွနဲ့ အစိုးရ လုပ်ငန်းတွေကို ခွင့်ပြုတဲ့ နိုင်ငံမှန်သမျှ ကြီးမားတဲ့ စီးပွားရေး နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။
အဲဒီလို လုပ်ဆောင်တဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လို ပြစ်ဒဏ်ခတ်မှုမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတဲ့ အသေးစိတ် အခြေအနေကိုတော့ သူက ဖော်ပြမထားပါဘူး။
ရေနံမှောင်ခိုပို့တာ၊ သင်္ဘောလိုင်း အပြောင်းအလဲ လုပ်တာ၊ သင်္ဘော မှတ်ပုံတင် ပြောင်းလဲတာ ငွေလဲလှယ်ရေး လုပ်ငန်းတွေ၊ ဟန်ပြ ကုမ္ပဏီတွေကို အသုံးချနေတာတွေ အားလုံး အခု ရပ်တန့်ဖို့ လိုအပ်နေပြီး ခင်ဗျားတို့ ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိပါတယ်လို့ ထရန့်က ပြောထားတာပါ။
အီရန်က ဒုံးကျည်တွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်နဲ့ ဘဏ္ဍာရေး စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေ အားလုံး ရပ်ဆိုင်းကြောင်း အမေရိကန် မဟာမိတ် ယူအေအီးက ကြေညာပြီးနောက် တစ်ရက်အကြာမှာ ထရန့်က အခုလိုမျိုး ခြိမ်းခြောက်လာတာပါ။
ရေကြောင်း သွားလာမှုကို ပစ်မှတ်ထားပြီး အီရန်က ပဲ့ထိန်း ဒုံးကျည် နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ရေပြင်ထဲသို့ ကျရောက်ခဲ့တယ်လို့ ယူအေအီး ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အီရန် လုပ်ငန်းတွေဟာ ငွေလဲလှယ်ရေး လုပ်ငန်းတွေနဲ့ ဟန်ပြ ကုမ္ပဏီတွေက တဆင့် ငွေလွှဲပြောင်းရေး ဒူဘိုင်း ဘဏ္ဍာရေး စနစ်ကို အသုံးချနေတာ ကြာပြီ ဖြစ်ပါတယ်။
ယူအေအီးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် အီရန် စစ်တပ်က အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ အမေရိကန် စစ်တပ်ကို မကူညီကြဖို့ သတိပေးပြီး အမေရိကန် စစ်တပ်ကို ကူညီပေးတဲ့ နိုင်ငံ မှန်သမျှကို ပူးပေါင်းဆောင်ရွက်မှု အဖြစ် မှတ်ယူမယ်လို့ ပြောထားပါတယ်။
အီရန်ကို ကမ္ဘာမှာ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးတဲ့ စီးပွားရေးအရ အထီးကျန် ဖြစ်အောင် လုပ်ဆောင်မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားပြီးနောက် သီတင်းတစ်ပတ်အကြာမှာ သမ္မတက အခုလိုမျိုး ပြောဆိုခဲ့တာပါ။
အခု သီတင်းပတ် စောစောပိုင်းမှာ ထရန့်က အမေရိကန် မဟာမိတ် အိုမန်ကို ဗုံးကြဲပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန် ဆွေးနွေးမှုတွေအတွင်း ကြားက ကန့်လန့်ခံနေရင် အိုမန် ဗုံးကြဲခံရမယ်လို့ ထရန့်က ပြောဆိုထားပါတယ်။
ကမ္ဘာ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ရေး အမေရိကန်က အီရန်နဲ့ ဆွေးနွေးနေသလို အိုမန်ကလည်း သီးခြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
Ref:BBC

