ဆိုးလ်၊ သြဂုတ် ၂၀
မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူး ၈၀ ကနေ ၁၂၀ ကြား ရှိတယ်လို့ ခန့်မှန်းကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြုံယမ်းမှာ နျူကလီးယား လက်နက် ၅၇ ခု ရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက် တောင်ကိုရီးယားရဲ့ ခန့်မှန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အရေအတွက် အတိအကျကို ဆုံးဖြတ်ဖို့ ခက်ခဲပေမယ့်လည်း မြောက်ကိုရီးယားမှာ ယေဘူယျအားဖြင့် နျူကလီးယား ထိပ်ဖူး ၈၀ ကနေ ၁၂၀ လောက် ရှိတယ်လို့ ယုံကြည်ရကြောင်း ကာကွယ်ရေးဝန်ကြီး အန်းဂူဘက်က တောင်ကိုရီးယား လွှတ်တော် အမတ်တွေကို ပြောပါတယ်။
အဲဒီ အရေအတွက်ဟာ ပုဂ္ဂလိက လေ့လာရေး အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်တွေက ထွက်ပေါ်လာတာ ဖြစ်ပေမယ့် တောင်ကိုရီးယား စစ်တပ်က အရေအတွက် အတိအကျကို တရားဝင် အတည်မပြုနိုင်ဘူးလို့ အန်းက နောက်ပိုင်းမှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
စောစောပိုင်း တစ်ရက်က ကင်ဂျုံအန်ဟာ အရမ်း အားကောင်းတဲ့ နျူကလီးယား လက်နက် ၅၇ ခု ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ မစ္စတာ အန်းက အရေအတွက်တွေ တစ်နည်းတစ်ဖုံ ခြားနားနေပုံ ရတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ပြီး အခုနှစ် နှောင်းပိုင်းမှာ သူနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ထရန့်က ပြောပါတယ်။
တောင်ကိုရီးယားက နျူကလီးယား လက်နက် ဖြုတ်သိမ်းရေးကို ထောက်ခံတဲ့ ကာလရှည် မူဝါဒအရ မြောက်ကိုရီးယားကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် အသိအမှတ် မပြုထားဘဲ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု အသေးစိတ်ကို လူသိရှင်ကြား ခန့်မှန်း ပြောဆိုလေ့ မရှိပါဘူး။
မြောက်ကိုရီးယားကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် တောင်ကိုရီးယား အစိုးရက အသိအမှတ် ပြု၊မပြု မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးက မိမိတို့ တရားဝင် အသိအမှတ် မပြုဘူးလို့ ပြောပါတယ်။
ထရန့်က မြောက်ကိုရီးယာမှာ နျူကလီးယား လက်နက် ၅၇ ခု ပိုင်ဆိုင်ထားတယ်လို့ ထရန့်ရဲ့ ပြောဆိုမှုဟာ မြောက်ကိုရီးယားကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် အသိအမှတ် ပြုလိုက်တာလား ဆိုတဲ့ မေးခွန်းကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
အမေရိကန် သမ္မတရဲ့ပြောဆိုမှုတွေအပေါ် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက မှတ်ချက် ပေးဖို့ မသင့်တော်ဘူးလို့ သူက ပြောပါတယ်။
တောင်ကိုရီးယားအနေနဲ့ မိမိတို့ရဲ့ နျူကလီးယား မပြန့်ပွားရေး ကာလရှည် မူအရ အမေရိကန်ရဲ့ နျူကလီးယား ကာကွယ်ရေး ထီးအောက်မှာပဲ ဆက်လက် မှီခိုအားကိုးနေမှာ ဖြစ်ကြောင်း မစ္စတာအန်းက ပြောပါတယ်။
မိမိတို့ အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်လို့မရသလို အမေရိကန်ရဲ့ ဗျူဟာမြောက် နျူကလီးယား လက်နက်တွေ ချထားမှုကိုလည်း လက်မခံသင့်ဘူးလို့ သူက ဆိုပါတယ်။
ထရန့်က ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ စဉ်းစားနေချိန်မှာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကြာချိန်ကိုရော အတိုင်းအတာကိုပါ လျှော့ချထားပါတယ်။
Ref:Reuters

