တိုကျို၊ သြဂုတ် ၂၀

အထူးကောင်းမွန်တဲ့ ရထားလမ်း ဘေးကင်းမှုဆိုင်ရာ မှတ်တမ်းကြောင့် နာမည်ကြီးတဲ့ ဂျပန်နိုင်ငံမှာ ရထားတိုက်ခံရပြီးနောက် သြဂုတ် ၂၀ ရက်က လူ ၄ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ ဖြစ်ရပ်ဟာ တိုကျိုမြို့ မြောက်ဖက်ရှိ ရှင်း-ကာနူမာ ရထားဘူတာရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အလုပ်သမား ၄ ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မီးသတ်ဌာနက အတည်ပြုပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ရောက်လာချိန်မှာ အလုပ်သမား ၃ ဦး ရထားအောက်မှာ ပိတ်မိနေပြီး တခြား တစ်ဦးကတော့ စင်္ကြံပေါ်မှာ ရှိနေခဲ့တာ ဖြစ်တယ်လို့ နောက်အရာရှိ တစ်ဦးက ပြောပါတယ်။

ဆေးရုံသို့ မတင်ပို့ခင်မှာ အဲဒီ အလုပ်သမား ၄ ဦးစလုံး သတိလစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ရထားဟာ တိုဘူ နီကို ရထားလမ်းပေါ်က Spacia X ရထားဖြစ်ပြီး မဟာတိုကျို ဒေသနဲ့ ကမ္ဘာလှည့် ခရီးသွား အလာများတဲ့ နစ်ကို ဒေသကို ချိတ်ဆက် ပြေးဆွဲနေတဲ့ ရထား ဖြစ်ကြောင်း Kyodo News သတင်းဌာနက ဖော်ပြထားပါတယ်။

အသံအကျယ်ကြီး တစ်ခု ကြားရပြီးတော့ ရထားဟာ ဆက်မသွားနိုင်တော့သလိုမျိုး ရုတ်တရက် ဘရိတ်ဖမ်းပြီး အရေးပေါ် ရပ်တန့် သွားခဲ့တယ်လို့ ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေထဲက တစ်ယောက် ဖြစ်တဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက NHK သတင်းဌာနကို ပြောပါတယ်။

ဆူညံသံ ထွက်ပေါ်လာတဲ့ နေရာကို ဖော်ထုတ်ဖို့ ရထားရပ်တန့်ရမှာ ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီး ခရီးသည်တွေ အချိန်အနည်းငယ်လောက် ရထားပေါ်က မထွက်သွားနိုင် ဖြစ်နေခဲ့တယ်လို့ အဲဒီ ခရီးသည်ကို ကိုးထားပြီး NHK သတင်းဌာနက ဖော်ပြထား ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး ဌာနကို ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၇ မိနစ်မှာ ပထမဆုံး ခေါ်ယူခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီ အလုပ်သမားတွေဟာ ရထားလမ်းက ရေညှိတွေကို ရှင်းလင်းနေချိန် ရထားတိုက်ခံရတာ ဖြစ်တယ်လို့ Nippon TV သတင်းဌာနက ဖော်ပြထားပါတယ်။

ဂျပန် ရထားလမ်းတွေဟာ ကမ္ဘာမှာ ဘေးအန္တရာယ် အကင်းဆုံး မှတ်တမ်း ပိုင်ဆိုင်ထားတဲ့ ရထားလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

ရထားချင်း တိုက်မိတာကြောင့် ဒါမှမဟုတ် လမ်းချော်တာကြောင့် လူသေဆုံးမှုတွေ အင်မတန် ရှားပါးပြီး ပြုပြင်ထိန်းသိမ်းမှု လေ့ကျင့်မှုနဲ့ အဆင့်မြင့် နည်းပညာ အသုံးပြုမှုတို့ကြောင့် အန္တရာယ်ကင်းတာ ဖြစ်ပါတယ်။

ဂျပန်မှာ လူသေဆုံးမှု အများဆုံး ရထား မတော်တဆမှု ၂၀၀၅ ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့ပြီး လူများသွားလာမှုများတဲ့ အချိန် ခရီးသည်တင် ရထားတစ်စီးက အမာဂါဆာကီ ဒေသရှိ လူနေ တိုက်ခန်း အဆောက်အဦ တစ်ခုကို ဝင်တိုက်မှု ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်း ဟိုဂို ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ဝမ်းနည်းစရာ ဖြစ်ရပ် အတွင်း လူ ၁၀၇ ဦး သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ထပ် ဖြစ်ရပ် တစ်ခုမှာ ၁၉၆၃ ခုနှစ်က လမ်းချော်သွားတဲ့ ကုန်တင် ရထား တစ်စီးနဲ့ ခရီးသည်တင် ရထား နှစ်စီး ပါဝင်ခဲ့ပြီး လူ ၁၆၁ ဦး သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ နာမည်ကြီးလောက်အောင်ပဲ ဂျပန်နိုင်ငံရဲ့ ရှင်ကန်ဆန် ကျည်ဆံရထား ဝန်ဆောင်မှု ၁၉၆၄ ခုနှစ်မှာ စတင်ပြီး နောက်ပိုင်း ရထားလမ်းချော်မှုနဲ့ တိုက်မိမှုကြောင့် ခရီးသည် သေဆုံးမှု တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပါဘူး။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.