ဝါရှင်တန်၊ သြဂုတ် ၂၁

အမေရိကန်က အီရန်အပေါ် ရာဇဝင်မှာ အပြင်းထန်ဆုံး ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က သြဂုတ်လ ၂၀ ရက်မှာ ပြောပါတယ်။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အီရန်ကို နောက်ထပ် ကြီးကြီးမားမား စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ လိုအပ်ချက်တွေ လျော့နည်းသွားစေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အီရန်ကို စီးပွားရေး စစ်ပွဲ ဆင်နွှဲမှာ ဖြစ်ပြီး အီရန်ကို ပုံစံတစ်မျိုးမျိုးနဲ့ အသက်ဆက်ဖို့ ကူညီနေတဲ့ နိုင်ငံတွေအနေနဲ့ ပြင်းထန်တဲ့ စီးပွားရေး ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က စောစောပိုင်း တစ်ရက်က ပြောကြားခဲ့ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသထွက် ရေနံ စည်သန်းပေါင်းများစွာ ပိတ်မိနေတဲ့ ခြောက်လနီးပါးကြာ စစ်ပွဲ အဆုံးသတ်စေရေး ရည်ရွယ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်မှုတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း အမေရိကန်က ခြိမ်းခြောက်ခဲ့ပြီးနောက် ရေနံဈေးနှုန်းတွေဟာ သြဂုတ် ၂၀ ရက် သီတင်းသုံးပတ်ကျော်အတွင်း အမြင့်မားဆုံး နှုန်းထားသို့ ရောက်ရှိလာခဲ့ပါတယ်။

ရေနံဈေး ဘာကြောင့် ဒီလောက်အထိ မြင့်တက်လာရသလဲဆိုတာကို မိမိအနေနဲ့ အသေအချာ မသိပေမယ့် အမြင့်မားဆုံး စီးပွားရေး ဖိအားပေးလိုက်ရင် မိမိတို့ အနေနဲ့ စစ်ရေးအရ ကြီးကြီးမားမား တိုက်ခိုက်စရာ မလိုတော့တဲ့ သဘော ဖြစ်တယ်လို့ ဘက်ဆန့်က CNBC သတင်းဌာနသို့ ပြောပါတယ်။

ပင်လယ်ကွေ့ နိုင်ငံတွေပါ ဆွဲသွင်းခံရပြီး ဈေးကွက်တွေကို ထိတ်လန့် စေခဲ့တဲ့ စစ်ပွဲအတွင်း လူထောင်ချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ မတိုင်ခင်က ရေနံကုန်သွယ်မှု အားလုံးရဲ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အီရန်က တားဆီး ပိတ်ဆို့ထား ပါတယ်။

အမေရိကန်နဲ့ အီရန်တို့က ဟောမု့ဇ် ရေလက်ကြားက သင်္ဘောတွေ ဖြတ်သန်းခွင့်ရရေး စစ်ပွဲ အဆုံးသတ်စေရေး ရည်ရွယ်ပြီး ဧပြီနဲ့ ဇွန်လက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု နှစ်ကြိမ် ကြေညာခဲ့ပေမယ့် နှစ်ခုစလုံး အလျင်အမြန် ပျက်ပြယ်သွားခဲ့ပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချပြီး သာမန် အီရန် ပြည်သူတွေကို ပစ်မှတ်ထားတဲ့ စီးပွားရေး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်းလည်း အီရန်က ပြောပါတယ်။

ဝန်ကြီး ဘက်ဆန့်က အရေးယူမှု အသေးစိတ်ကို နောက်ပိုင်းမှာ ဖော်ပြပေးသွားမှာ ဖြစ်ပြီး အီရန်အပေါ် မိမိတို့ လုပ်ဆောင်မယ့် အရေးယူမှု အခြေအနေ အတိအကျကို ပြောပြသွားမယ်လို့ ပြောပါတယ်။

ဒါက နှစ်ချက်ဆင့် ထိုးနှက်မှု ဖြစ်ပြီး အီရန်ကို မိမိတို့ ပိတ်ဆို့ထားသလို အခုအခါ ရာဇဝင်မှာ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

အီရန်ကို အမေရိကန်က ဧပြီလက စတင်ပြီး ရေတပ် ပိတ်ဆို့မှု ပြုလုပ်ထားပြီး ဇွန်လလယ်ပိုင်းက တစ်လလောက် ရပ်ဆိုင်းထားခဲ့ပါတယ်။

အီရန်ရဲ့ လက်ရှိ အစိုးရ ပြုတ်ကျသွားအောင် မိမိတို့ လုပ်ဆောင်မှာ ဖြစ်ပြီး အခု မိမိတို့ မဟာမိတ်နေတဲ့ ကမ္ဘာပေါ်ရှိ ကျန်နိုင်ငံအားလုံးအနေနဲ့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ကျရောက်ရှိပြီ ဖြစ်ကြောင်း သူက ပြောပါတယ်။

အီရန်နဲ့ စီးပွားရေး လုပ်နေတဲ့ တရုတ်ကို အမေရိကန်က ပစ်မှတ်ထားသွားမှာလားလို့ မေးမြန်းချိန်မှာ ဘက်ဆန့်က ပြောစကားတွေ အများကြီးကို သီးသန့်ထားထားတာ အကောင်းဆုံးပဲလို့ ပြောပါတယ်။

တရုတ်ဟာ သူတို့အတွက် လိုအပ်တဲ့ စွမ်းအင် ၅၀ ရာခိုင်နှုန်းကို ပင်လယ်ကွေ့ ဒေသထဲက ရရှိနေတာကို စိတ်ထဲ မှတ်ထားကြဖို့လည်း သူက ပြောပါတယ်။

တရုတ်က အီရန်တင်ပို့ရဲ့ ရေနံတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေကြောင်း သုတေသန လုပ်ငန်း Kpler ရဲ့၂၀၂၅ ခုနှစ် အချက်အလက်တွေအရ သိရပါတယ်။

ဒါပေမဲ့ အရေးကြီးတဲ့ မြေရှားသတ္တုတွေ အပါအဝင် အမေရိကန်သို့ အဓိက ကုန်စည်တွေ တင်ပို့နေတဲ့ တရုတ်နဲ့ နောက်ထပ် စီးပွားရေး စစ်ပွဲ ဆင်နွှဲရင် ဝါရှင်တန် လက်စားချေခံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

အီရန်ကို စီးပွားရေး စစ်ပွဲ ဆင်နွှဲမှာ ဖြစ်ပြီး မကြုံစဖူး အတိုင်းအတာမျိုးနဲ့ အထီးကျန် ဖြစ်အောင် လုပ်ဆောင်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.