ရန်ကုန်၊ သြဂုတ် ၂၁
မြန်မာနိုင်ငံအတွက် အသက်ကယ် စားနပ်ရိက္ခာနဲ့ အာဟာရ ဖြည့်စွက်ရေး ထောက်ပံ့ကူညီပေးရေး တောင်ကိုရီးယားက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်း (WFP) သို့ အမေရိကန် ဒေါ်လာ ၅ သန်း ထပ်မံ ထည့်ဝင်ကြောင်း သြဂုတ် ၂၀ ရက်မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ အစားအစာနဲ့ လောင်စာ ဈေနှုန်း မြင့်တက်နေတဲ့ အခြေအနေအတိုင်း ရှည်ကြာနေရင် ပြင်းထန်တဲ့ စားနပ်ရိက္ခာ မဖူလုံမှုနဲ့ လူ ၅ သန်းအထိ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း WFP သုတေသီ တစ်ဦးက သတိပေးထားချိန်မှာ တောင်ကိုရီးယားက အခုလိုမျိုး အားဖြည့် ပါဝင်တာ ဖြစ်ပါတယ်။
အဲဒီ ရန်ပုံငွေတွေကို စစ်ပွဲကြောင့် ထိခိုက်မှုရှိတဲ့ အိမ်ထောင်စုတွေကို အရေးပေါ် အကူအညီပေး တုံ့ပြန်ရေး REACH စီမံကိန်း ဒုတိယအဆင့်အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
အဲဒီ စီမံကိန်းဟာ မြန်မာနိုင်ငံမှာ တောင်ကိုရီးယားနဲ့ WFP တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်ပါတယ်။
ဒုတိယအဆင့်မှာ WFP က အသက် ငါးနှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ ၁၅၀၀၀ အတွက် အာဟာရဖြည့်စွက်မှုနဲ့အတူ လူပေါင်း ၁၄၀၀၀၀ ကို စားနပ်ရိက္ခာ အကူအညီတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
အကူအညီ ပေးရာမှာ ပြည်တွင်း စစ်ဘေးရှောင်တွေ၊ စစ်ပွဲကြောင့် ထိခိုက်မှုရှိတဲ့ မိသားစုတွေနဲ့ ၂၀၂၅ မတ်လက ငလျင်ဘေးဒဏ်သင့်သူတွေ အပါအဝင် မကြာသေးခင် ငလျင်ဘေးနဲ့ ကြုံခဲ့ရသူတွေကို ဦးစားပေးပြီး အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။
WFP နဲ့ လက်တွဲပြီးတော့ တောင်ကိုရီးယားက မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ဖို့ ကတိပြုထားဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်က ပြောပါတယ်။
ပဋိပက္ခ ဖြစ်နေချိန်၊ စစ်ဘေးရှောင်နေရချိန်၊ ခက်ခဲတဲ့ အချိန်တွေမှာ ဘယ်မိသားစုမှ ဆာလောင်မွတ်သိပ်မှုကို သူတို့ချည်းပဲ ရင်မဆိုင်ရသင့်ဘူးလို့ သူက ပြောပါတယ်။
အကူအညီ ပေးရာမှာ ကလေးငယ်တွေ၊ မိခင်တွေနဲ့ စစ်ဘေးရှောင်နေရသူတွေလို အကူအညီ အများဆုံး လိုအပ်နေသူတွေကို ဦးစားပေး ကူညီသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၁၂ ဒသမ ၄ သန်း ဒါမှမဟုတ် လူ လေးဦးမှာ တစ်ဦး ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့ ဆာလောင်မွတ်သိပ်မှု အများဆုံး စာရင်းရဲ့ နံပါတ် ၆ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ လူပေါင်း ၄ သန်းလောက် ထွက်ပြေးနေရဆဲ ဖြစ်ပြီး ကလေးငယ် ၃၆၀၀၀၀ လောက် ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။
စားနပ်ရိက္ခာအတွက် တတ်နိုင်တဲ့ အခြေအနေတွေ အလျင်အမြန် ယိုယွင်းလာနေပါတယ်။
နိုင်ငံတဝှမ်း အခြေခံ စားကုန်တွေရဲ့ ဈေးနှုန်းတွေဟာလည်း ဖေဖော်ဝါရီလ နှောင်းပိုင်းကနှုန်းထားနဲ့ ယှဉ်ရင် အခုအချိန်မှာ ၂၀ ရာခိုင်နှုန်း ပိုမို မြင့်မားနေပါတယ်။
ရခိုင်မှာ ကုန်ဈေးနှုန်း ၄၃ ရာခိုင်နှုန်းကျော် မြင့်တက်သွားပြီး ကြက်ဥ တစ်လုံးကို ကျပ်နှစ်ထောင်နီးပါး ပေးဝယ်နေကြရပါတယ်။
ပို့ဆောင်ရေး ကုန်ကျစရိတ်တွေ မြင့်တက်လာနေပြီး အဓိက ကုန်စည်ထောက်ပံ့ရေး လမ်းကြောင်းတလျောက် တိုက်ပွဲတွေ ဖြစ်နေတာ၊ ကမ္ဘာ့လောင်စာ ဈေးနှုန်း မတည်ငြိမ်ဘဲ မြင့်တက်နေတာတို့ကြောင့် အခြေခံ လိုအပ်ချက်တွေ ပြည့်မီဖို့ နဂိုကမှ ခက်ခဲနေကြတဲ့ အိမ်ထောင်စုတွေအပေါ် နောက်ထပ် ဖိအားတွေ ပိုများလာစေပါတယ်။
မြန်မာနိုင်ငံမှာ နောက်ထပ် လူသန်းပေါင်းများစွာ ဆာလောင်ငတ်မွတ်နိုင်တဲ့ အန္တရာယ် ကျရောက်နေချိန်မှာ တောင်ကိုရီးယားက WFP နဲ့ ဆက်လက် လက်တွဲပြီး အသက်ကယ် အကူအညီတွေ ဆက်ပေးနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရှိ WFP ကိုယ်စားလှယ်၊ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ဒန်းဖို့ဒ်က ပြောပါတယ်။
ဒီအကူအညီဟာ စစ်ဘေး သဘာဝဘေးတွေ စတဲ့ ဘေးအန္တရာယ် အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် စားနပ်ရိက္ခာ ဆိုတာထက် အသက်ဆက်ပေးနိုင်တဲ့ အကူအညီ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံတဝှမ်း လူသားချင်းစာနာထောက်ထားရေး လိုအပ်ချက်တွေ ပိုများလာနေချိန် အကူအညီတွေ အများကြီး လိုအပ်နေပါတယ်။
WFP က ပထမအကြိမ် အကူအညီပေးချိန်က မြန်မာနိုင်ငံ တဝှမ်းရှိ လူပေါင်း ၄၂၀၀၀၀ ကျော်ကို အကူအညီတွေ ပေးအပ်နိုင်ခဲ့ပါတယ်။
Ref:WFP

