ဘာဘောက်အာ၊ သြဂုတ် ၂၁

ဗဟိုအာဖရိကနိုင်ငံ အနောက်ပိုင်းရှိ ကျေးရွာငယ် တစ်ခုမှာ ကြီးမားတဲ့ မြေပြိုမှုကြောင့် အစဉ်အလာ နည်းလမ်းနဲ့ တူးဖော်နေကြတဲ့ ရွှေမိုင်းတွင်း တစ်တွင်း မြေကြီးကျွံဝင်သွားပြီး လူ ၁၀၀ ကျော် သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။

ကင်မရွန်းနိုင်ငံ နယ်စပ်အနီးရှိ ဘော်ဘောက်အာမြို့ကနေ ၃၁ မိုင်လောက် အကွာမှာ ရှိတဲ့ ဇမ်ဘိုအီကျေးရွာမှာ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းက ကြီးမားတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာ မိုင်းတွင်းလုပ်သားတွေလို့ ထင်ရသူတွေအပေါ် မြေကြီးတွေ ဖုံးအုပ်သွားတာ မြင်တွေ့ရပါတယ်။

မြေကြီးအောက်မှာ ပိတ်မိနေသူတွေ အများကြီး ရှိတယ်လို့ ဒေသဆိုင်ရာ အစိုးရရှေ့နေချုပ်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရွှေတွင်း ပြိုကျတဲ့ နေရာက လူသေအလောင်း ၁၀၀ ကျော် ဆယ်ယူရရှိထားတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက သတင်းထောက်တွေကို သြဂုတ် ၂၀ ရက်က ပြောပါတယ်။

ဒေသဆိုင်ရာ မိုင်းတွင်းလုပ်ငန်းများ အဖွဲ့ အကြီးတန်း အရာရှိ တစ်ဦးက အလောင်း ၁၀၀ ကျော် ရှာတွေ့ထားကြောင်း အတည်ပြုပေးထားပါတယ်။

မိုင်းတွင်းလုပ်သားတွေ အလုပ်လုပ်နေချိန် မြေအောက် လိုဏ်ခေါင်းတွေ ပြိုကျတာကြောင့် ရွှေမိုင်းတွင်း မြေကြီး ကျွံဝင်မှု ဖြစ်ပုံရတယ်လို့ ဒေသဆိုင်ရာ အစိုးရရှေ့နေရုံး အရာရှိ တစ်ဦးက ပြောပါတယ်။

အဲဒီ ရွှေမိုင်းတွင်းမှာ ဗဟိုအာဖရိက နိုင်ငံသားတွေအပြင် ကင်မရွန်း နိုင်ငံသားတွေပါ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

ကင်မရွမ်းနိုင်ငံ အရှေ့ပိုင်းရှိ ဒေသဆိုင်ရာ အရာရှိတွေက မိုင်းတွင်းပြိုကျမှုကြောင့် သေဆုံးသူတွေထဲမှာ ကင်မရွန်း နိုင်ငံသား ၃ ဦးထက် မနည်း ပါဝင်တယ်လို့ ပြောပါတယ်။

မြေကြီးထဲ နစ်မြုပ်သွားတဲ့ မိုင်းတွင်း လုပ်သားတွေထဲက အသက်ရှင်လျက် ရှာတွေ့သူ ရှိမယ်ဆိုရင် အလွန် ဆန်းကြယ်တဲ့ ဖြစ်ရပ်ပဲ ဖြစ်လိမ့်မယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ဆိုပါတယ်။

စက်ကြီးတွေ စက်ကိရိယာကြီးတွေ မသုံးဘဲ ရိုးရိုး လက်ဖြစ် တူးဖော်နေတဲ့ မိုင်းတွင်းတွေကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပေမယ့် အာဖရိကတိုက်ရဲ့ မတူညီတဲ့ ဒေသများစွာမှာ မြင်တွေ့နေရပါတယ်။

လူအများ အလုပ်လက်မဲ့ ဖြစ်မှုကြောင့် ကိုယ်ကာယ အားစိုက်နိုင်သူတွေဟာ မိုင်းတွင်း အဟောင်းတွေမှာ မိုင်းတူးဖော်နေကြတာ ဖြစ်ပါတယ်။

အဲဒီ မိုင်းတွင်းမျိုးတွေမှာ စည်းကမ်းလိုက်နာမှု မရှိသလောက် ရှားတာကြောင့် မကြာခဏဆိုသလို မိုးတွင်း ပြိုကျမှုတွေ ဖြစ်ပွားနေပါတယ်။

Ref:TheGuardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.