ဘန်ကောက်၊ သြဂုတ် ၂၁
နိုင်ငံ တောင်ပိုင်းမှာ ရုရှား ထောက်ပံ့ထားတဲ့ အထူးစီးပွားရေး ဇုန်သတ်မှတ်ထားတဲ့ ဒေသတွေကို အင်အားသုံး ရှင်းလင်းရေး မြန်မာ စစ်တပ်က စစ်သား ရာပေါင်းများစွာ စေလွှတ်ထားပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦးကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။
အဲဒီ မြေနေရာ တဝိုက်ရှိ လမ်းကြောင်းတွေကို စစ်သားတွေက လိုက်လံပိတ်ဆို့နေတယ်လို့ အခြေအနေကို တိုက်ရိုက် သိရှိထားတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စီစဉ်ထားတဲ့ ပင်လယ် ရေနက် ဆိပ်ကမ်းနဲ့ ကပ္ပလီပင်လယ်မှာ ဓာတ်အားပေးစက်ရုံ တစ်ခု ပါဝင်မယ့် ထားဝယ် အထူး စီးပွားရေးဇုန် (SEZ) တဝိုက် စစ်ကြောင်းထိုးမှုဟာ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေး အင်အားသုံးဖို့ ဆန္ဒရှိတယ်ဆိုတာ အရှင်းလင်းဆုံး ဖော်ပြနေတာ ဖြစ်ပါတယ်။
အဲဒီ ဆိပ်ကမ်းဟာ မလက္ကာ ရေလက်ကြားအစား အသုံးပြုမယ့် သင်္ဘော လမ်းကြောင်းအတွက် အဓိက ဆိပ်ကမ်း ဖြစ်လာမှာ ဖြစ်ပါတယ်။
အဲဒီ စစ်ကြောင်းထိုးမှုဟာ စစ်ခေါင်းဆောင်ရဲ့ သံတမန်ရေး ထိုးစစ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတ မင်းအောင်လှိုင်က ထားဝယ်ဟာ တောင်နဲ့ အနောက်အာရှကို ဝင်ထွက်နိုင်တဲ့ ဂိတ်ပေါက် ဖြစ်လာနိုင်ကြောင်း အခုလ ထိုင်းခရီးစဉ်အတွင်း ပြောဆိုထားတာပါ။
မော်စကိုမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အခုသီတင်းပတ် ဆွေးနွေးမှုတွေ အတွင်း အဲဒီ စီမံကိန်း အကြောင်းကို သူက ထပ်ပြီး ဆွေးနွေးခဲ့ပါတယ်။
ဇူလိုင်ကကတည်းက စစ်တပ်ဟာ တနင်္သာရီဒေသကို ရာနဲ့ချီတဲ့ စစ်သားတွေ အင်အား ဖြည့်တင်းထားတာကြောင့် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အင်အား အများအပြားနဲ့ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေး တပ်တွေ ဆုတ်ခွာပေးခဲ့ရတယ်လို့ သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ပြုလုပ်နေပြီး တချို့ရွာတွေ အိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ တနင်္သာရီဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က စောဒါးကိုက ရိုက်တာ သတင်းဌာနကို ပြောထားတယ်။
NUG အစိုးရ လက်အောက်ရှိ ထားဝယ် အမှတ် ၁ ဒေသ စခန်းက နောက်ထပ် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ယောက်က စစ်သားတွေဟာ အနည်းဆုံး ရွာသုံးရွာရှိ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အကူအညီပေးရေး လုပ်သား ၃ ဦးကိုလည်း စစ်သားတွေက သတ်ပစ်ခဲ့ကြပါတယ်။
အကူအညီပေးရေး လုပ်သားတွေဟာ ရေဖြူမြို့မှာ ဇူလိုင် ၉ ရက်က စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသဆိုင်ရာ အရပ်ဖက် အဖွဲ့ MAGGA Initiative ရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အဲဒီပြောဆိုမှုတွေကို လွတ်လပ်စွာ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ ရိုက်တာ သတင်းဌာနက ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးသို့ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။
မူလက ၂၀၀၈ ခုနှစ်အတွင်း ထိုင်းနဲ့ ပူးပေါင်းပြီး စတင်ခဲ့တဲ့ အဲဒီ စီမံကိန်းက အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အနောက်-အရှေ့အာရှ နိုင်ငံတွေကြား ကုန်သွယ်ရေးအတွက် အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုနဲ့ ရန်ပုံငွေ ပြတ်လပ်မှုတို့ကြောင့် ၂၀၁၃ ခုနှစ်မှာ ရပ်တန့်သွားခဲ့ ပါတယ်။
Ref:Bangkokpost/Reuters

