ဘန်ကောက်၊ သြဂုတ် ၂၂

နန်ခရိုင်နဲ့ ဆူခိုထိုင်းခရိုင်မှာ ရေဘေးတွေ သက်သာလာပေမယ့် မိုးထပ်မံရွာသွန်းမှုကြောင့် သြဂုတ် ၂၅ ရက်၊ ၂၆ ရက်နဲ့ ၂၉ ရက်တို့မှာ ဒေသ လေးခုအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ထိုင်း ရာသီဥတုနဲ့ သဘာဝဘေး အထူးကျွမ်းကျင်သူများအဖွဲ့ Assoc ရဲ့ ပါမောက္ခ ဒေါက်တာ သီရိ ဆူပရက်တစ်က သတိပေးပြောဆိုပါတယ်။

နန်ခရိုင်နဲ့ ဆူခိုထိုင်း ခရိုင်တို့မှာ ရေကြီးရေလျှံ ဖြစ်မှု အခြေအနေတွေကနေ စတင် တိုးတက်လာပြီ ဖြစ်ပေမယ့် လက်ရှိ မုန်တိုင်းရာသီ မကုန်ဆုံးခင် နောက်ထပ် မုန်တိုင်း ၇ လုံးကနေ ၉ လုံးအထိ တိုက်ခတ်လာနိုင်တယ် လို့ ဒေါက်တာ သီရိ ဆူပရက်တစ်က သတိပေးထားတာ ဖြစ်ပါတယ်။

ရန်းဆစ် တက္ကသိုလ် ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝဘေးစင်တာ ညွှန်ကြားရေးမှူး ဒေါက်တာ သီရိက သြဂုတ်လကုန်အထိ မိုးရွာသွန်းမှု တဖြည်းဖြည်း လျော့နည်းသွားမယ်လို့ မျှော်လင့်ရကြောင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရာသီဥတု အခြေအနေတွေကို သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက် ပြီးတော့ သြဂုတ် ၂၉ ရက်လောက်မှာ တစ်ခါထပ်ပြီး အနီးကပ် စောင့်ကြည့်ဖို့ လိုနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။’

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအနီး ဖြစ်ပေါ်နေတဲ့ မုန်တိုင်း တစ်ခုကြောင့် ထိုင်းနိုင်ငံရဲ့ ဒေသ တချို့မှာ မိုးပိုမို ရွာသွန်းနိုင်ပေမယ့် သြဂုတ် ၁၉ ရက်က မှတ်တမ်းတင်ထားခဲ့တဲ့ အခြေအနေတွေထက် ပြင်းထန်မှု လျော့ပါးမယ်လို့ ဒေါက်သီရိက မျှော်လင့်ထားပါတယ်။

အနောက်ပိုင်းဒေသတွေ၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့ဟာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တဲ့ အန္တရာယ် အကြီးမားဆုံး ဒေသတွေ ဖြစ်ပါတယ်။

အခုမုန်တိုင်းရာသီအတွင်း အခုအချိန်အထိ တိုင်ဖွန်းမုန်တိုင်း ၅ လုံး အပါအဝင် မုန်တိုင်း ၁၈ လုံး ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပြီး အခုရာသီရဲ့ လက်ကျန်ကာလတွေ အတွင်း နောက်ထပ် မုန်တိုင်း ၇ လုံးကနေ ၉ လုံးအထိ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။

မုန်တိုင်း အရေအတွက် များပေမယ့် အခုနှစ် ထိုင်းနိုင်ငံသို့ ဝင်ရောက်တဲ့ မုန်တိုင်း တော်တော်လေး နည်းပါးပါတယ်။

ဒီအခြေအနေတွေဟာ အားကောင်းတဲ့ အယ်လ်နီညို ရာသီဥတု အခြေအနေနဲ့ တစ်စိတ်တစ်ပိုင်း ဆက်စပ်မှု ရှိတယ်လို့ ဒေါက်တာ သီရိက ပြောပါတယ်။

အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် ထိုင်းနိုင်ငံသို့ မုန်တိုင်း ဝင်ရောက် နိုင်ခြေနည်းကြောင်း သမိုင်းဆိုင်ရာ အချက်အလက်တွေက ဖော်ပြနေပါတယ်။

အားကောင်းတဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နေတဲ့ ကာလအတွင်း မုန်တိုင်း လမ်းကြောင်းတွေကို ပြောင်းလဲသွားစေနိုင်တဲ့ ရာသီဥတု အခြေအနေ လေးခု ရှိကြောင်း ဒေါက်တာသီရိက လေ့လာ ဖော်ပြထားပါတယ်။

မုန်တိုင်း ဖြစ်ပေါ်မှုတွေ အရှေ့ဖက်စွန်းကို ပြောင်းသွားပြီး ဖြစ်ပေါ်လာတဲ့ စနစ်တွေကြောင့် လမ်းကြောင်း ပြောင်းလဲသွားနိုင်တယ်လို့ သူက ပြောပါတယ်။

မုတ်သုန်လေတွေနဲ့ အရှေ့ဖက် လေတိုက်ခတ်မှုတွေ အားနည်းသွားတာကြောင့် မုန်တိုင်းတွေရဲ့ ဦးတည်ရာနဲ့ ပြင်းအားတို့ အပေါ် သက်ရောက်မှု ရှိကြောင်း သိရပါတယ်။

မုတ်သုန်မိုး အားနည်းသွားပြီး မြောက်ဖက်စူးစူးသို့ ရွေ့လျားလာချိန် မိုးရွာသွန်းမှု ပုံစံတွေနဲ့ မုန်တိုင်း လမ်းကြောင်းတွေ ပြောင်းလဲ သွားလေ့ရှိပါတယ်။

လေဖိအားမြင့် စနစ်တွေက မုန်တိုင်းတွေရဲ့ ရွေ့လျားမှုနဲ့ မိုးရွာသွန်းမှု စနစ်တွေ အပေါ် လွှမ်းမိုးမှု ရှိသလို နေရာတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။

ရေဘေးဒဏ် အနည်းငယ် သက်သာလာပြီ ဆိုပေမယ့် တချို့နေရာတွေမှာ မုန်တိုင်းနဲ့ ရာသီဥတု အပြောင်းအလဲကြောင့် မိုးများနိုင်ဆဲ ဖြစ်တယ်လို့ ဒေါက်တာ သီရိက ပြောပါတယ်။

ဒါကြောင့် ရာသီဥတု အခြေအနေတွေကို သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက် ပြီးတော့ လကုန်ပိုင်းအထိ စောင့်ကြည့်သင့်တယ်လို့ သူက ပြောပါတယ်။

အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ် တီထွင်မှုဆိုင်ရာ ဝန်ကြီးဌာနက ဘူမိ သတင်းအချက်အလက်နဲ့ အာကာသ နည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီတို့က အနီးကပ် စောင့်ကြည့်နေပြီး ထိုင်း မြောက်ပိုင်း ရေဘေး အခြေအနေကို သြဂုတ် ၂၁ ရက်မှာ ကွင်းဆင်း လေ့လာခဲ့ပါတယ်။

ထိုင်း ရာသီဥတုဆိုင်ရာ ပညာရှင်တွေက Sentinel-1D ဂြိုဟ်တု ပုံရိပ်တွေကို သုံးပြီး ရာသီဥတု ဖြစ်ပေါ် ပြောင်းလဲမှုတွေကို မျက်ခြေ မပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.