ဒူဘိုင်း၊ ဝါရှင်တန်၊ သြဂုတ် ၂၂

အီရန်အစိုးရကို ဖြတ်ချပစ်ဖို့ ရည်ရွယ်ထားပြီး ရာဇဝင်မှာ အပြင်းထန်ဆုံး ဘဏ္ဍာရေး ပြစ်ဒဏ်ခတ်မှုတွေ လုပ်ဆောင်မယ်လို့ ဝါရှင်တန်က ပြောကြားထားပြီးနောက် အမေရိကန်ရဲ့ ထပ်မံခြိမ်းခြောက်မှု မှန်သမျှကို စစ်ရေးအရ လက်တုံ့ပြန်မှာ ဖြစ်ကြောင်း အီရန်က သြဂုတ် ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

အီရန် အသက်ဆက်ဖို့ ပုံစံ တစ်မျိုးမျိုးနဲ့ ကူညီပေးနေတဲ့ နိုင်ငံ မှန်သမျှ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထားပြီးနောက် စီစဉ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို သြဂုတ် ၂၄ ရက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ပြောထားပါတယ်။

အီရန် စစ်တပ် အကြီးအကဲ ဗိုလ်မှူးချုပ် အလီ အဗ္ဗဒိုလ်လာဟီက အီရန်ရဲ့ တုံ့ပြန်မှု ကျယ်ပြန့်ပြီး ပြတ်သားမှု ရှိမယ်လို့ ပြောထားပါတယ်။

အီရန်အနေနဲ့ မြေပြင်၊ ရေပြင်နဲ့ ဝေဟင်၊ လေကြောင်းကာကွယ်ရေးနဲ့ ဆိုက်ဘာ ကာကွယ်ရေးတို့အတွက် ကြိုတင် ပြင်ဆင်ထားပြီး အီရန် စစ်တပ်က ရန်သူရဲ့ ခြိမ်းခြောက်မှု အသစ်တွေအတွက် ညက်ညက်ကြေအောင်၊ ပြစ်ဒဏ် ပြန်ပေးပြီး ဆိုးဆိုးရွားရွား ဖြစ်အောင် တုံ့ပြန်သွားမယ်လို့ ဗိုလ်မှူးချုပ် အဗ္ဗဒိုလ်လာဟီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အီရန်မီဒီယာက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၆ လမှာ အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ စစ်ပွဲကြောင့် လူထောင်ချီ သေဆုံးခဲ့ရပြီး တခြား ပင်လယ်ကွေ့ နိုင်ငံတွေကိုလည်း စစ်ပွဲထဲ ဆွဲသွင်းထားသလို ဖြစ်နေပါတယ်။

အီရန်ကို အမေရိကန်က ရေတပ်ပိတ်ဆို့မှု ပြုလုပ်ထားချိန် အီရန်ကလည်း ကမ္ဘာလောင်စာ တင်ပို့မှုအတွက် အရေးပါတဲ့ ဟေမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် လောင်စာဈေးနှုန်း သိသိသာသာ မြင့်တက်နေပါတယ်။

ဒီအချိန်မှာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းအား ဖြိုချတာမျိုး၊ အီရန် ဘာသာရေး ခေါင်းဆောင်တွေကို ဖြုတ်ချတာမျိုးလို စစ်ပွဲအစက သူရည်မှန်းထားခဲ့တဲ့ ဦးတည်ချက်တွေ တစ်ခုမှ မအောင်မြင်သေးပါဘူး။

စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဈေး မြင့်တက်နေသလို ထရန့်အပေါ် လူထု ထောက်ခံမှုလည်း အများအပြား လျော့ကျသွားပါတယ်။

အီရန် စစ်ပွဲကြောင့် ထရန့်အပေါ် လူထု ထောက်ခံမှုဟာ သူ့ရဲ့ သမ္မတ သက်တမ်း တလျှောက် အနိမ့်ဆုံး ဖြစ်နေကြောင်း ရိုက်တာ သတင်းဌာနရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ ညှိနှိုင်းမှုအတွင်း အဓိကနေရာက ပါဝင်နေသူ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာခါ ခါလီဘက်က အမေရိကန်အနေနဲ့ စစ်ရေးအရ တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ဖို့ ဆက်မလုပ်ဆောင်နိုင်တော့တဲ့ ပုံစံ ပေါ်နေတယ်လို့ ပြောပါတယ်။

တရားမဝင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကိုင်တွယ် ဖြေရှင်းရေး မိမိတို့ အစီအစဉ်တွေ ချမှတ်ထားရမှာ ဖြစ်တယ်လို့ သူက အိမ်နီးချင်း အီရတ်နိုင်ငံ ခရီးစဉ် အတွင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သြဂုတ် ၂၀ ရက်က အီရန်နဲ့ အီရတ် စီးပွားရေး လုပ်ငန်းရှင်တွေကို ပြောကြားရာမှာ ခါလီဘက်က အီရန် စီးပွားရေးအပေါ် ဖိအားတွေ ရှိနေကြောင်း အသိအမှတ်ပြု ပြောပါတယ်။

မိမိတို့မှာ ရှိတဲ့ စစ်အင်အားက ပြဿနာ မရှိဘဲ ပြည်သူတွေ ဆာလောင်နေပြီး မိမိတို့မှာ ဘဏ္ဍာရေး အလှည့်အပြောင်း မလုပ်နိုင်ရင် စီးပွားရေး ဖွံ့ဖြိုးအောင် နိုင်ငံ့ကုန်ထုတ်လုပ်မှု တိုးတက်အောင် မလုပ်နိုင်ရင် မိမိတို့ ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အမေရိကန်က အီရန်နဲ့ ကုန်သွယ်နေတဲ့ လက်တွဲဖော် နိုင်ငံတွေကို စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်လိုက်ပြီးနောက် ကမ္ဘာ့လောင်စာဈေးနှုန်း မြင့်တက်လာခဲ့ပါတယ်။

လာမယ့် သီတင်းပတ်တွေအထိ ကုန်စည် ထောက်ပံ့မှုတွေ ဆက်လက် အခက်ကြုံရဦးမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က အီရန် အစိုးရ ပြိုလဲအောင် လုပ်ဆောင်မယ့် အစီအစဉ်တွေကို သြဂုတ် ၂၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဖို့ရှိနေပါတယ်။

အီရန်ဟာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နှစ်ပေါင်း ၅၀နီးပါး ကြံ့ကြံ့ခံ နေလာခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူတွေ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံနေကြရပြီး ငွေတန်ဖိုး ကျဆင်းမှု စွမ်းအင် ပြတ်လပ်မှုတွေနဲ့ အခြေခံ အဆောက်အအုံ ပျက်စီးမှုတို့ကြောင့် အထိနာနေပါတယ်။

အမေရိကန်က ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ရင် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အီရန်ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တာ၊ ဖိအားပေးတာတွေဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြေလည်စေမယ့် အဖြေ မဟုတ်ဘူးလို့ အီရန်ဆီက ရေနံ ၈၀ ရာခိုင်နှုန်းကျော် ဝယ်ယူနေတဲ့ တရုတ်က ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.