ဝါရှင်တန်၊ သြဂုတ် ၂၂

ကာလကြာရှည် မဟာမိတ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ် မရယူနိုင် ဖြစ်ခဲ့ပြီးနောက် ကနေဒါ ကုန်စည် တချို့အပေါ် အမေရိကန်က သြဂုတ် ၂၂ ရက်မှာ အခွန် ၅၀ ရာခိုင်နှုန်း ပြဌာန်းလိုက်ပါတယ်။

ရက်များစွာကြာ ဆွေးနွေးမှုတွေကို လမ်းချော်သွားအောင် လုပ်တယ်လို့ အမေရိကန်နဲ့ ကနေဒါ အပြန်အလှန် စွပ်စွဲထားကြပါတယ်။

မက္ကစီကိုပြီးနောက် အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် ကနေဒါရဲ့ ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်စည်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမှုဟာ ဒေသစံတော်ချိန် ညသန်းခေါင်ပြီးနောက် အသက်ဝင်လာခဲ့ပါတယ်။

ဒါပေမဲ့ အခွန်အသစ်တွေကြောင့် သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဝန်ကြီးချုပ် မက်ကာနေတို့ကြား တင်းမာမှုတွေ ပိုမြင့်တက်လာစေပြီး အမေရိကန်- မက္ကစီကို-ကနေဒါ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု သက်တမ်းတိုးရေး ဆွေးနွေးမှုတွေကို ပိုမို ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။

ညှိနှိုင်းမှုတွေကို ဆိုင်းငံ့ထားလိုက်ကြောင်း ဝန်ကြီးချုပ် ကာနေက ပြောကြားပြီး အခွန် အသစ်တွေနဲ့ ပတ်သက်လို့ ကနေဒါက ဒေါ်လာကို ဒေါ်လာချင်း လက်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ ညှိနှိုင်းမှုတွေ ရပ်ဆိုင်းရေး ဆုံးဖြတ်ထားပြီး ကနေဒါ ညှိနှိုင်းရေးမှူးတွေအနေနဲ့ အိုတာဝါသို့ ပြန်လာကြဖို့ ညွှန်ကြားထားကြောင်း ကာနေက ပြောပါတယ်။

ကနေဒါ အကျိုးစီးပွားတွေကို ကာကွယ်ရေး ညှိနှိုင်းရေးမှူးတွေ ယုံကြည်မှု ကောင်းကောင်းနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြပေမယ့် သဘောတူညီမှု မရနိုင်ခဲ့ဘူးလို့ ကာနေက ဆိုပါတယ်။

နောက်ဆုံးမိနစ်ရောက်မှ အမေရိကန်က သူတို့ရဲ့ အဆိုပြုချက်တွေကို ပြောင်းလဲ ပစ်လိုက်တာက မတရားသလို စီးပွားရေးနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ သူက ပြောပါတယ်။

အဓိက စီးပွားရေး နှစ်ခုရဲ့ ဗဟိုဘဏ်တွေကို ဦးစီးဖူးတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ကာနေဟာ ထရန့်ကို တားဆီးမယ်ဆိုတဲ့ ကတိတွေနဲ့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ခံခဲ့ရတာ ဖြစ်ပြီး လူကြိုက်များနေဆဲ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံသား အများစုက ထရန့်ကို လိုက်လျော ခွင့်ပြုချက်တွေ လုပ်ဆောင်တာ သဘောမကျကြောင်း သဘောထား စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

စောစောပိုင်းက နှစ်နိုင်ငံကြား သဘောတူညီမှု ရရှိတော့မယ့် အခြေအနေမျိုး မြင်တွေ့ခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန် ယမကာတွေကို ကနေဒါသို့ ပြန်လည် တင်ပို့ပြီး ကနေဒါရဲ့ သံမဏိ၊ အလူမီနီယံနဲ့ ကားအစိတ်အပိုင်းတွေကို အမေရိကန်က ပြန်ဝယ်ယူဖို့ နီးစပ်ခဲ့ပါတယ်။

အခုသီတင်းပတ် စောစောပိုင်းက သဘောထားခဲ့တဲ့ သတ်မှတ်ချက်တွေအရ ကနေဒါက ကုန်သွယ်ရေး သဘောတူညီမှု အပြီးသတ်ရေး ငြင်းဆိုခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျာမီဆင် ဂရီယာက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.