ဖနွမ်းပင်၊ သြဂုတ် ၁၈

နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းလာစေဖို့ မြန်မာ စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတ မင်းအောင်လှိုင်ဟာ စက်တင်ဘာလ လဆန်းပိုင်းမှာ ကမ္ဘောဒီးယားသို့ လာရောက်မှာ ဖြစ်ကြောင်း ဖနွမ်းပင်ပို့စ် သတင်းဌာနက သြဂုတ် ၁၈ ရက်မှာ ဖော်ပြပါတယ်။

ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းအပြင် တခြား နိုင်ငံတွေဆီ သွားရောက်ပြီးနောက် သူ့ရဲ့ ကမ္ဘောဒီယား ခရီးအစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပြီး လေ့လာသူအများကတော့ ဒီခရီးစဉ်တွေဟာ သူဦးဆောင်တဲ့ နေပြည်တော် အစိုးရ တရားဝင် ဖြစ်လာစေရေး ကြိုးပမ်းမှုတွေ ဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

မင်းအောင်လှိုင် လာရောက်မယ့် သတင်းကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုထားပြီး ကြိုဆို ဧည့်ခံမယ့် နေရာကို ကြိုတင် ရွေးချယ်မှုတွေ ပြုလုပ်နေကြောင်း အဲဒီသတင်းမှာ ရေးပါတယ်။

အထက်လွှတ်တော် ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှီယာ သိုင်ရစ်က ကမ္ဘောဒီးယားနဲ့ မြန်မာကြား ရင်းနှီးခင်မင်မှု အားပိုကောင်းလာစေရေး ရည်ရွယ်ပြီး မင်းအောင်လှိုင် လာရောက်မှာ ဖြစ်ကြောင်း ဖနွမ်းပင်ပို့စ်ကို ပြောဆိုထားပါတယ်။

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး နှစ်ဖက် အကျိုးများတယ်လို့ သူက ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာ စစ်တပ်က ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတာကြောင့် သူ့ရဲ့ ပြည်ပ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ပြစ်တင် ဝေဖန်မှုတွေ ရှိနေပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်တပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်က ပြည်ခရီးစဉ်တွေ ထွက်ပြီး သူ့ကိုယ်သူ အရပ်ဖက် ခေါင်းဆောင်အဖြစ် တရားဝင် ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

အတုအယောင် ရွေးကောက်ပွဲလို့ အများက ပြောဆိုခဲ့တဲ့ ရွေးကောက်ပွဲတွေပြီးနောက် မင်းအောင်လှိုင်ဟာ ဧပြီလက သမ္မတ ရာထူးကို ရယူခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးနောက် သူဟာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ ရုရှား စတဲ့ ၅ နိုင်ငံသို့ သွားရောက်ခဲ့ပြီး လက်ရှိ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

၂၀၂၂က အာဆီယံ ဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယား ရရှိခဲ့ချိန်က မြန်မာနိုင်ငံရဲ့ ပြဿနာ ပြေလည်အောင် ကူညီဖို့ ကြိုးပမ်းခဲ့ကြောင်းနဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမို အားကောင်းလာစေရေးနှစ်လမ်း သွားကြိုးပမ်းမှု ဖြစ်နိုင်ကြောင်း ကမ္ဘောဒီးယား နိုင်ငံတကာ ဆက်ဆံရေး အင်စတီကျု ဥက္ကဋ္ဌ ခင်ဖီယာက ပြောပါတယ်။

ဒါက မင်းအောင်လှိုင်ရဲ့ သမ္မတအဖြစ် အာဏာနဲ့ တရားဝင် ဖြစ်မှု အားပိုကောင်းလာစေဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ကမ္ဘောဒီးယားမှာ ပြုလုပ်ခဲ့တဲ့ ပြန်လည် ရင်ကြားစေ့ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု အတွေ့အကြုံတွေကို ဝေမျှ ပေးနိုင်မှာ ဖြစ်ကြောင်းလည်း သူက အလေးထား ပြောဆိုပါတယ်။

အာဆီယံ တစ်ဖွဲ့လုံး အတိုင်းအတာနဲ့ လက်မခံတဲ့အချိန်မှာ မင်းအောင်လှိုင်က အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံချင်းစီနဲ့ သူ့ရဲ့ မဟာမိတ် နိုင်ငံကြီးတွေဆီ သွားပြီး တရားဝင် ဖြစ်မှု ရရှိအောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

Ref:Phnompenhpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.