လောင်းလုံး၊ ဩဂုတ် ၁၉
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာမှာ စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သားအဖ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သြဂုတ် ၁၈ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်က တိုက်ပွဲမရှိဘဲ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်မှာ ရှိနေတဲ့ အသက် ၇၀ အရွယ် ဦးသန်းအောင်နဲ့ အသက် ၄၀ ကျော်အရွယ် သားဖြစ်သူတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
လက်နက်ကြီးကြောင့် ဦးသန်းအောင်ရဲ့ ဇနီးဖြစ်သူနဲ့ တူမဖြစ်တို့ လက်နက်ကြီး ကျည်အစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ပါတယ်။
ဒေသခံတွေကတော့ ဒီလက်နက်ကြီးဟာ လောင်းလုံးအခြေစိုက် အမှတ် ၁၀၄ ခြေလျင်တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် လောင်းလုံး-ထားဝယ်လမ်းပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဆေးရေးဂိတ်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ဂိတ်အနီးနေ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

