မော်လမြိုင် ၊ ဩဂုတ် ၁၉
မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေးအဆို အတည်ပြုထားပေမယ့် စစ်တပ် အသွင်းပြောင်း ပြည်နယ်အစိုးရအဖွဲ့ကတော့ အရေးယူနှိမ်နင်းတာ မလုပ်ဘဲ ဆက်လက် မျက်ကွယ်ပြုထားပါတယ်။
ပြည်နယ်အတွင်းမှာ တရားဝင် ခွင့်ပြုချက် ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေ တားဆီး ပိတ်ပင်ပေးရေး အဆိုကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုထားပါတယ်။
လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေးအဆို အတည်ပြုထားပေမယ့် အဆိုအောင်မြင်ပြီး နှစ်လဝန်းကျင်ကာလအထိ လောင်းကစားဝိုင်းတွေဟာ မြေပြင်မှာ မိုးလုံလေလုံရုံတွေနဲ့ အခိုင်အမာ ဆက်လက် လုပ်ကိုင်နေကြပါတယ်။
မွန်ဒေသခံ တစ်ဦးကတော့ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းရေးအဆို အောင်မြင်ထားပေမယ့် မြေပြင်မှာတော့ လောင်းကစားဝိုင်းတွေ ဆက်ရှိနေသလို လွှတ်တော်မှာ အဆိုအောင်ပေမယ့် ဘာမှ ပြောင်းလဲသွားတာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လွှတ်တော်က လွှတ်တော်ပဲ၊ လောင်းကစားက လောင်းကစားပါပဲ၊ဘာမှ သိပ်ပြီး မဖြစ်ဘူး။ဘာမှလည်း မပြောင်းလဲ သွားဘူး။သူတို့ဘာ သူတို့အပေါ်မှာ ဘာကြီးပဲ ဖြစ်ဖြစ် ဘာညာပြောတာ၊ လွှတ်တော် အောင်တာပဲ ဖြစ်ဖြစ် အောင်တာ ပြောတာ သူက သူ့အတွက်ပဲ အောင်သွားတာလေ။ကျန်တဲ့သူအတွက်က ဘာမှ မဖြစ်လာဘူး။ဒီအတိုင်းပဲ”လို့ ဆိုပါတယ်။
ဒါ့အပြင် လောင်းကစားဝိုင်းတွေ ပိတ်သိမ်းဖို့ လွှတ်တော်မှာ အဆိုအောင် ထားပေမယ့် လက်တွေ့ စစ်အစိုးရဘက်က အလုပ်လုပ်မှသာ လောင်းကစားဝိုင်းတွေ ပပျောက်မှာ ဖြစ်ပြီး လက်ရှိအချိန်ထိ အခကြေးငွေ ယူကာ ခွင့်ပြုထားတဲ့အတွက် ပပျောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းကတော့ ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ မရှိစေရေးနဲ့ ဖမ်းဆီး အရေးယူမှုတွေကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ အဲဒီလွှတ်တော် အစည်းအဝေးမှာ ကတိပြုခဲ့တာပါ။
ဒါ့အပြင် လောင်းကစားဝိုင်းတွေကို တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်သွားဖို့၊ လောင်းကစားတွေ လျော့နည်းသွားပြီး အမြစ်ပြတ်စေရေးနဲ့ ပြန်လည် မရှိစေရေး နည်းလမ်းတွေ ဖော်ထုတ်ပြီး ဆက်လက် ဆောင်ရွက် သွားမယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။
ဝါရင့် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ လွှတ်တော်မှာ အဆိုအောင်မြင်ထားတဲ့ ကိစ္စရပ်တွေဟာ မြေပြင်ပကတိ အခြေအနေနဲ့ ကွဲလွဲပါက အစိုးရအဖွဲ့ရဲ့ အရည်အချင်းပိုင်းကို ပြန်လည်စိစစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို လွှတ်တော်ကို တင်ပြရမယ်။ လွှတ်တော်ကလည်း အခါအားလျှော်စွာ ဆောင်ရွက်ချက် အခြေအနေတွေကို ပြန်လည် သုံးသပ်နိုင်တယ်။ တစ်နည်းအားဖြင့် လောင်းကစားဝိုင်းအဆိုနဲ့ ပြောရင်တော့ အဲဒီဆောင်ရွက်ချက်တွေ တင်ပြချက်တွေဟာ အကယ်၍ မြေပြင်ပကတိ အခြေအနေနဲ့ ကွဲလွဲရင်တော့ ဒါက အရည်အချင်းပိုင်းနဲ့ ပြန်စိစစ်လို့ ရပြီ”လို့ ဆိုပါတယ်။
လက်ရှိ မြေပြင် အခြေအနေမှာတော့ လောင်းကစားဝိုင်းတွေဟာ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်လုံးမှာ အခိုင်အမာ ရုံတွေနဲ့ ဆက်ရှိနေပြီး လွှတ်တော်အဆို အောင်ပြီးနောက် ကစားဝိုင်းကြေးတွေပါ တိုးကောက်လာတယ်လို့ စုံစမ်းသိရှိရပါတယ်။
အခုလို လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ဆိုင်ကယ် ခိုးမှုတွေ၊ တခြား ခိုးဆိုးလုနှိုက်မှုတွေ၊ မိသားစု အဆင်မပြေမှုတွေအပြင် တခြား မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် စစ်အစိုးရကတော့ လျစ်လျူရှုထားတာပါ။
မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေဟာ အရင်အစိုးရအဆက်ဆက်က တရားဝင်သဖွယ် ခွင့်ပြုခဲ့တာ မရှိပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးပြ ပွဲလမ်းသဘင်တွေ သွင်းပြီး ခွင့်ပြုတဲ့အပြင် ရုံတွေနဲ့ပါ လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် အကြီးအကျယ် ခွင့်ပြုထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

