မော်လမြိုင် ၊ ဩဂုတ် ၁၉

အာဏာသိမ်းစစ်တပ် ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ လူသားဒိုင်းသဖွယ်အသုံးချခံနေရတဲ့ စစ်မှုထမ်းလူငယ်တွေအနေနဲ့ သတ်မှတ်ကာလအတွင်း အသက်မသေအောင် လွတ်မြောက်ရေးကိုသာ အားစိုက်ရမယ့် အခြေအနေရောက်အောင် တွန်းပို့လာနေပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ဆက်လက်ရင်ဆိုင်နေရတဲ့ စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကနေ တပ်သားအရေအတွက် တစ်သိန်းကျော်အထိ ရရှိထားတာကြောင့် အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ကိုယ်တိုင်ခန့် သမ္မတက အသိပေးထားတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အရင်းပြုပြီး တပ်သားစုဆောင်းမှုဟာ ရပ်ကွက်ကျေးရွာအလိုက် မဲနှိုက်တာကနေ အကြောင်းကြားစာ ပို့တာအပြင် လူအရေအတွက် ခွဲတမ်းချတဲ့ စနစ်တွေအဆုံး မလုံလောက်တော့တဲ့အတွက် အခြားနည်းလမ်းတွေလည်း လုပ်ဆောင်လာနေပါတယ်။

လမ်းခရီးစစ်ဆေးရေးဂိတ်တွေမှာ PSMS စနစ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ နယ်စပ်ထွက်ပေါက်တွေကို ထိန်းချုပ်တာ၊ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာနဲ့ မိသားစုဝင်တွေကို ငွေညှစ်တာ စတဲ့အခြေအနေတွေကြောင့် လူငယ်တွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့တောင် ခက်ခဲတဲ့ အနေအထားလို့ လေ့လာသူတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအကြုံးဝင်ပြီး ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့် သူတွေ အပါအဝင် ခွင့်နဲ့ ပြည်တွင်းကို ပြန်လာပြီး ပြန်လည်ထွက်ခွာရင်လည်း ပိတ်ပင်ခံရတာရှိသလို အကြောင်းအမျိုးမျိုးနဲ့ ငွေညှစ်ခံရတာတွေလည်း ရှိနေပြန်ပါတယ်။

ဒီလိုမျိုး အခြေအနေမှာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရရင် ထွက်ပြေးလွတ်မြောက်နိုင်တဲ့ လမ်းကြောင်းတွေကလည်း အန္တရာယ်များပြီး ဖမ်းမိရင် သေရုံပဲရှိတာမို့ လူငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့ ရွေးချယ်မှု ရှိမနေဘူးလို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုအခြေအနေက လူငယ်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဒါမှမဟုတ် မိသားစုရဲ့ ကိုယ်ပိုင်ပြဿနာရယ်လို့ ဒီစစ်မှုထမ်းကိစ္စက အဲဒီလောက်ပြဿနာနဲ့ မဟုတ်တော့ဘူး။ ဆိုတော့ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှု တရားမျှတမှု အရပ်သားကာကွယ်ရေးစနစ်တွေ ဒါတွေအားလုံးပြိုကွဲနေတဲ့အောက် ဖြစ်သွားပြီ။ လူငယ်တွေကို စစ်ထဲဝင်မလား ဒါမှမဟုတ် ထွက်‌ပြေးမလား ‌ရှောင်နေမလား မိလို့ရှိရင် ဒီထက်မက ပြန်ခံရမယ်ဆိုတဲ့ အန္တရာယ်တွေရှိတဲ့ ရွေးချယ်မှုတွေ သွားဖြစ်နေတာ”လို့ ဆိုပါတယ်။

ဒါကြောင့် လူငယ်တွေအတွက် အားကိုးအားထားရာဟာ သတိတရားနဲ့ ဉာဏ်ပညာပဲ ရှိတော့တာာမို့ ဘေးအန္တရာယ်ကြားကနေ ကိုယ့်ဘာသာ ရှင်သန်ရေးနည်းလမ်းတွေကို ရွေးချယ်ဖြေရှင်းရမယ့် အခြေအနေတွေ တွန်းပို့နေတာ မျက်မြင်ပဲလို့ သူက ထောက်ပြပါတယ်။

တစ်ဘက်မှာ မတရားစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ လူငယ်တွေအနေနဲ့ ဘက်ပြောင်းခိုလှုံလိုရင် ပြည်သူ့ရင်ခွင်နဲ့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ ဆက်သွယ်သတင်းပို့ပြီး ယုံကြည်စိတ်ချစွာ ဘက်ပြောင်းခိုလှုံနိုင်တယ်ဆိုတဲ့ အသိပေးမှုတွေလည်း ရှိနေပါတယ်။

ဒါဟာ စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီးတဲ့ သူတွေကို ပြည်သူ့ရင်ခွင်မှာ ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ကယ်ထုတ်တဲ့ အစီအစဉ်ပါ။

ဒါပေမယ့် စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ တပ်သား ၅၀၀၀ နှုန်း ခေါ်ယူစုဆောင်းနေတဲ့ အရေအတွက်ကို ကြည့်ရင် ကယ်ထုတ်နိုင်မှုဟာ အများကြီး ကွာဟနိုင်သလို စစ်မှုထမ်း ဆင့်ခေါ်ခံရသူတွေနဲ့ တပ်သားဖြစ်ပြီးတဲ့သူတွေ ဆက်သွယ်မှသာ ကယ်ထုတ်လို့ ရနိုင်မယ့် အနေအထား ဖြစ်ပါတယ်။

ဒီအခြေအနေမှာ စစ်တပ်အသွင်ပြောင်းအစိုးရကတော့ စစ်မှုထမ်းကာလ ၂ နှစ်ပြည့်မြောက်သွားတဲ့ တပ်သားတွေကို အစိုးရနဲ့ ပုဂ္ဂလိကမှာ အလုပ်အကိုင်နဲ့ ချေးငွေအခွင့်အလမ်းတွေ ရှာဖွေဖန်တီးပေးနေတယ်ဆိုတဲ့ ဝါဒဖြန့်ချီမှုတွေ ဆက်တိုက် လုပ်ဆောင်လာနေပါတယ်။

ဩဂုတ် ၁၇ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ တာန်ထမ်းဆောင်ပြီးတဲ့ စစ်မှုထမ်းတွေရဲ့ အလုပ်အကိုင် ရရှိရေးနဲ့ ချေးငွေရရှိရေးဟာ အထူးဦးစားပေး ဖြစ်တယ်လို့ စစ်တပ်အသွင်းပြောင်းအစိုးရရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောဆိုခဲ့တာပါ။

ဒေသခံပြည်သူတစ်ဦးက စစ်မှုထမ်းထဲ ပါသွားကြတဲ့သူတွေဟာ တစ်ယောက်မှ ပြန်လာတာ မရှိလို့ အလုပ်အကိုင်ချိတ်ပေးတယ်ဆိုတာဟာ အယုံအကြည်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အလုပ်အကိုင် သူတို့ချိတ်‌ပေးတာက မကြားမိဘူး။ ဒီဘက် ကျွန်တော်တို့နယ်မှာကျတော့ တစ်ယောက်မှ ပြန်မလာဘူးလေ။ ပါသွားတဲ့လူတွေလည်း တစ်ယောက်မှ ပြန်မလာဘူး။ နောက် သူတို့အလုပ် ဘာညာချိတ်ဆက်ပေးတယ်ဆိုတာက စကားလှအောင် သူတို့ ပြောတာပဲ။ အယုံအကြည်ဘယ်သွားရှိမှာလဲ သူတို့ လုပ်တဲ့ပုံက ဟုတ်မှ မဟုတ်ဘဲ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၇ အထိ တပ်သား ၅၆၀၀ ထက်မနည်း စုဆောင်းခံထားရပြီး တာဝန်ထမ်းဆောင်ပြီးတဲ့ အပတ်စဉ် ၁ ကနေ ၄ အထိ တပ်သား ၂၀၀ လောက်သာ နေအိမ်ပြန်လာနိုင်တာပါ။

လက်ရှိမှာ အပတ်စဉ် ၄ အထိ စစ်မှုထမ်းကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့သူတွေထဲက တပ်သား ၈ ဦးကို အလုပ်အကိုင်ပေးနိုင်ခဲ့ပြီလို့ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါပေမယ့် တာဝန်ထမ်းဆောင်ပြီးသွားတဲ့ စစ်မှုထမ်းတပ်သားတွေကို ပြန်လည်စေလွှတ်တဲ့ အရေအတွက်ကိုတော့ စစ်တပ်အသွင်ပြောင်းအစိုးရဘက်က စာရင်းထုတ်ပြန်တာ မရှိတာကြောင့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအရေအတွက် ပိုများနိုင်တယ်လို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေဟာ စစ်တပ်အတွက် မြေပြင်တိုက်ခိုက်ရေး အင်အားတွေကို ဖြည့်တင်းပေးနိုင်တဲ့ အနေအထားဖြစ်တာကြောင့် နည်းလမ်းမျိုးစုံနဲ့ ကျင့်သုံးလာတဲ့ တပ်သားစုဆောင်းမှုအန္တရာယ်တွင်းထဲ ကျရောက်သွားသူတွေအဖို့ အိမ်ပြန်ခရီးဟာ မသေချာ မရေရာတော့ပါဘူး။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်မှုထမ်းဥပဒေဟာ ကြာလာရင် ဆေးယဉ်ပါးရောဂါလိုမျိုး ဖြစ်လာမယ့်အနေအထားမှာ လူငယ်တွေဟာ ပြေးလို့ မလွတ်တော့တဲ့ အသိမျိုးနဲ့ မသေအောင် ဖြတ်သန်းဖို့ပဲ ကြိုးစားလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်မှုထမ်းရောဂါကတော့ ပြောရမယ်ဆိုရင် ပြည်သူတွေအတွက် ဆေးယဉ်ပါးတဲ့ ရောဂါလိုမျိုးဖြစ်လာမယ့်အနေအထားမျိုးပဲ။ စစ်တပ်ထဲ ‌ရောက်သွားတယ်။ တချို့တွေ နောက်တန်းမှာ နေနေရတာရှိတယ်။ တချို့တွေ တိုက်ခိုက်ရေးတပ်တွေမှာ မရောက်ဘဲနဲ့ လက်ရုံးတပ်တွေမှာ ရောက်သွားရတာမျိုးတွေ တွေ့ရတယ်။ အဲဒီတော့ လက်ရုံးတပ်တွေမှာရောက်သွားတဲ့သူတွေက အသက်သေဖို့ မနီးစပ်ဘူးပေါ့။ အဲဒီတော့ စစ်တပ်ကိုပဲ ပြန်ပြီးတော့ ကပ်ဖားလျက်ဖား ပြန်ဆက်သွယ် ဂါရဝပြုပြီး ဒီ နှစ်နှစ်တာကာလကို ဖြတ်သန်းဖို့ ပြည်သူတွေက ကြိုးစားလာနိုင်တယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းနဲ့ပတ်သက်ပြီး နိုင်ငံသားတိုင်းကို အကျပ်အတည်းဖြစ်စေတဲ့အပေါ် ဥပဒေကို ဖျက်သိမ်းပေးဖို့ လူထုက ဆန္ဒရှိနေကြပေမယ့် ပြည်သူ့အသံကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အဲဒီဥပဒေကို ဖျက်သိမ်းရမယ်ဆိုတဲ့ အဆိုကို ဒီကနေ့အထိ ဘယ်သူကမှ မတင်သွင်းရဲကြပါဘူး။

တစ်ဘက်မှာ စစ်မှုထမ်းအကျုံးဝင်သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

လတ်တလောမှာတော့ တချို့မြို့ကြီးတွေမှာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မှတ်ပုံတင် အမည်စာရင်းသွင်းဖို့ ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာပါ။

အာဏာသိမ်းမှုအတွင်း အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတွေကို မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပေမယ့် လက်ရှိအချိန်အထိတော့ အမျိုးသားတွေကိုသာ ခေါ်ယူစုဆောင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.