ဘန်ကောက် ဇွန် ၁၁

ထိုင်းနိုင်ငံမှာ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တဲ့ ဘန်ကောက်မြို့က ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး တရားရုံးက ဝီဂါလူမျိုး အမျိုးသား ၂ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက်ပါတယ်။

ဘီလဲ မိုဟာမက်နဲ့ ယူဆူဖူ မီရာလီတို့ဟာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၇ ရက် ညပိုင်းမှာ နိုင်ငံခြားခရီးသွားတွေ အများဆုံး သွားရောက်လေ့ရှိတဲ့ ဘန်ကောက်မြို့လယ်က ဧရာဝဏ်နတ်ကွန်းအနီးမှာ ဗုံးထောင်ဖောက်ခွဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရသူတွေ ဖြစ်ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် လူ ၂၀ ဦး သေဆုံးခဲ့ပြီး ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီအမှုဟာ စတင်စုံစမ်းစစ်ဆေးချိန်ကတည်းက အငြင်းပွားစရာတွေ များပြားခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ထိုင်းအစိုးရက ခရီးသွားလုပ်ငန်း ထိခိုက်မယ့်အခြေအနေ စိုးရိမ်တာကြောင့် အခင်းဖြစ်ပွားရာနေရာကို အလျင်အမြန် ရှင်းလင်းစေခဲ့ပြီး နတ်ကွန်းကိုလည်း နှစ်ရက်အကြာမှာပဲ ပြန်ဖွင့်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုအတွင်း CCTV ကင်မရာအများအပြား အလုပ်မလုပ်တာတွေ့ရပြီး၊ ရရှိထားတဲ့ ဗီဒီယိုမှတ်တမ်း တချို့မှာတော့ ဆံပင်ရှည်နဲ့ မျက်မှန်ထူထူတပ်ထားတဲ့ အမျိုးသားတစ်ဦးက ခုံတန်းလျားအောက်မှာ ကျောပိုးအိတ်ထားခဲ့ပြီး ထွက်ခွာသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ဘီလဲ မိုဟာမက် ဟာ ဗီဒီယိုထဲက လူနဲ့ ရုပ်သွင်မတူညီဘူးလို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

အမှုဖြစ်ပြီး နှစ်ပတ်အတွင်းမှာပဲ ဘီလဲ မိုဟာမက်ကို ဘန်ကောက်မြို့ပြင်ရှိ နေအိမ်တစ်လုံးမှာ ဖမ်းဆီးခဲ့ပြီး ဗုံးပြုလုပ်ရာမှာ အသုံးပြုနိုင်တဲ့ ဓာတုပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ ယူဆူဖူ မီရာလီကိုတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးရမိပြီး ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီအချိန်က လူအများစုက ဒီတိုက်ခိုက်မှုဟာ ထိုင်းအစိုးရက ဝီဂါအမျိုးသား ၁၀၉ ဦးကို တရုတ်နိုင်ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် လက်တုံ့ပြန်မှု ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအချိန်က ထိုင်း စစ်အစိုးရကတော့ ဒီတွေးဆချက်ကို လက်မခံခဲ့ဘဲ စစ်အာဏာသိမ်းမှုကို မကျေနပ်သူတွေ ဒါမှမဟုတ် လူမှောင်ခိုကူးသူတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့သာ ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၂ ဦးကတော့ သူတို့အပြစ်မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့ကြပြီး စစ်တပ်ထိန်းသိမ်းရေးစခန်းထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ဝန်ခံချက် ထုတ်ယူခံခဲ့ရတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ နောက်ပိုင်း တရားရုံးစစ်ဆေးမှု စတင်ချိန်မှာ အဲဒီဝန်ခံချက်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အမှုစစ်ဆေးမှုဟာ ဝီဂါစကားပြန် မရရှိတာ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆယ်နှစ်ကျော်ကြာအောင် နှောင့်နှေးခဲ့ရပါတယ်။ လူ့အခွင့်အရေးအဖွဲ့အစည်းအများအပြားကလည်း ဒီအမှုစစ်ဆေးပုံနဲ့ ကြာမြင့်ချိန်ဟာ တရားမျှတမှု မရှိကြောင်း ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် တရားရုံးကတော့ ရဲတပ်ဖွဲ့ တင်ပြခဲ့တဲ့ ဖုန်းဆက်သွယ်မှု မှတ်တမ်းတွေမှာ အဲဒီအမျိုးသား ၂ ဦးဟာ ဗုံးပေါက်ကွဲချိန်အတွင်း အခင်းဖြစ်ပွားရာအနီး ရှိနေခဲ့ပြီး အချင်းချင်း ဆက်သွယ်နေကြောင်း တွေ့ရှိရတာကြောင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမျိုးသား ၂ ဦးရဲ့ ရှေ့နေက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.