တိုကျို ဇွန် ၁၁

ဂျပန်နိုင်ငံ အိုဆာကာစီရင်စု ရဲတပ်ဖွဲ့က လူမှုကွန်ရက်ပေါ်မှာ အယောင်ဆောင်ကြော်ငြာတွေတင်ကာ သင်တန်းကြေး လိမ်လည်ရယူခဲ့တဲ့ အဖွဲ့ဝင် ၄၁ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဇွန် ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အိုဆာကာမြို့က အက်ပလီကေးရှင်းဖန်တီးမှုကုမ္ပဏီတစ်ခု ဖြစ်တဲ့ Unity ရဲ့ ဥက္ကဋ္ဌ အသက် ၂၉ နှစ်အရွယ် ရှင်ဂို မက်ဆူမူရာလည်း ပါဝင်နေပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီအဖွဲ့ဟာ Follower အရေအတွက် များပြားတဲ့ အစားအသောက်နဲ့ အလှအပဆိုင်ရာ ဆိုရှယ်မီဒီယာအကောင့်တွေကို ကြားခံပွဲစားတွေဆီကနေ ဝယ်ယူခဲ့ပြီး အကောင့်ပိုင်ရှင် ပြောင်းသွားတာကို Follower တွေ မသိအောင် အွန်လိုင်းကျော်ကြားသူအယောင်ဆောင်ပြီး ဆက်လက်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ “ဒီသင်တန်းကို တက်ပြီး Follower အရေအတွက်ရော ဝင်ငွေရော တိုးလာတယ်” ဆိုတဲ့ ပုံစံမျိုး မမှန်ကန်တဲ့ ပို့စ်တွေ တင်ခဲ့ရာကန‌ေ အိုဆာကာစီရင်စုက အမျိုးသမီး ၃ ဦးဆီက စုစုပေါင်း ယန်း ၈၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၅၀၀ ခန့်) ကို သင်တန်းကြေးအဖြစ် လိမ်လည်ရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

လက်ရှိအချိန်မှာတော့ သံသယရှိသူတွေက အမှုကို ဝန်ခံထားခြင်း ရှိမရှိကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

စုံစမ်းစစ်ဆေးသူတွေက ဒီအဖွဲ့ဟာ Affiliate Marketing လို့ခေါ်တဲ့ ကုန်ပစ္စည်းရောင်းအားပေါ် မူတည်ပြီး ကော်မရှင်ရတဲ့ စနစ်ကို အခြေခံကာ လူတွေကို ဆွဲဆောင်ခဲ့တာလို့ ယူဆနေပါတယ်။ သင်တန်းတက်သူတွေကို Follower များလာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ သင်ခန်းစာတွေ ပို့ပေးခဲ့ပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံတစ်ဝန်းက လူပေါင်း ၂,၃၀၀ ခန့်ဆီက စုစုပေါင်း ယန်း သန်း ၆၅၀ (အမေရိကန်ဒေါ်လာ ၄ သန်းကျော်) အထိ လိမ်လည်ရယူခဲ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့က ဒီအဖွဲ့ဟာ ဂျပန်မှာ မကြာခဏ တွေ့ရတဲ့ “Tokuryu” တိုကူယူ လို့ခေါ်တဲ့ အဖွဲ့ဝင်အတည်တကျ မရှိဘဲ အမည်မဖော်နိုင်တဲ့ ရာဇဝတ်ဂိုဏ်းပုံစံနဲ့ လှုပ်ရှားနေသလားဆိုတာကိုလည်း ဆက်လက် စုံစမ်းနေပါတယ်။

ဇွန် ၉ ရက်နေ့ကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့နဲ့ ဆက်စပ်နေတဲ့ နေရာအများအပြားကို ဝင်ရောက်ရှာဖွေခဲ့ပြီး စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ အပါအဝင် သက်သေခံပစ္စည်း ၁,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Ref:mainichi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.