ဘေဂျင်း ဇွန် ၁၂

ISP-Myanmar တည်ထောင်သူနဲ့ မြန်မာနိုင်ငံရေး လေ့လာသုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက “နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှု” စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဦးမင်းဇင်ဟာ ဇွန်လအစောပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ရှိနေချိန်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဇွန် ၃ ရက်နေ့ကစလို့ ပြင်ပနဲ့အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ အမေရိကန်သံတမန်တွေကလည်း ဒီဖမ်းဆီးမှုကို သိရှိထားကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စွဲချက်နဲ့ ဖမ်းဆီးတာဟာ ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းနေချိန်မှာ အခုလို ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

ဦးမင်းဇင်ဟာ မြန်မာနိုင်ငံရေးကို အထူးပြု လေ့လာသုတေသနပြုနေသူတစ်ဦးဖြစ်ပြီး မြန်မာ့ မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာလည်း ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ISP Myanmar ဟာ ပြည်ပနေရာအမျိုးမျိုးကနေ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဦးမင်းဇင်ဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား သွားလာနေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံမှာ နေထိုင်နေပါတယ်။

သူဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ဆောင်းပါးတွေကို The New York Times၊ Foreign Policy အပါအဝင် နိုင်ငံတကာမီဒီယာတွေမှာ ရေးသားဖော်ပြခဲ့သူလည်း ဖြစ်ပါတယ်။

ဦးမင်းဇင်ကို ဘာကြောင့် ဖမ်းဆီးခဲ့တာလဲဆိုတာကိုတော့ တရုတ်အာဏာပိုင်တွေဘက်က တိတိကျကျ မထုတ်ပြန်သေးပါဘူး။ ယူနန်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ထိစပ်နေတဲ့ဒေသဖြစ်ပြီး ယခင်က မြန်မာနိုင်ငံသား အများအပြား သွားလာနေထိုင်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

တရုတ်အစိုးရဟာ လက်ရှိ မြန်မာစစ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိနေပြီး မင်းဇင်ကလည်း မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ အခန်းကဏ္ဍအကြောင်းကို မကြာခဏ သုံးသပ်ရေးသားခဲ့သူ ဖြစ်ပါတယ်။

နီပေါနိုင်ငံအခြေစိုက် သုတေသနအဖွဲ့တစ်ခုရဲ့ ထုတ်ပြန်ချက်အရ ဦးမင်းဇင်ဟာ အခုလအတွင်း ကျင်းပမယ့် နိုင်ငံရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ဖိုရမ်တစ်ခုမှာ ဟောပြောသူအဖြစ် ပါဝင်ဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ကိုယ်ရေးအကျဉ်းအရ မင်းဇင်ဟာ အမေရိကန်နိုင်ငံ ဘက်ကလေမြို့က ကာလီဖိုးနီးယားတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ PhD တက်ရောက်နေသူဖြစ်ပြီး စစ်တပ်-အရပ်ဘက်ဆက်ဆံရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ လူမျိုးစု ပဋိပက္ခများကို အဓိက သုတေသနပြုနေပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ မြန်မာစစ်တပ်နဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားသူတွေဟာ “ဖြေရှင်းရခက်ခဲတဲ့ အတားအဆီးအခြေအနေ” တစ်ခုထဲ ရောက်ရှိနေကြောင်း သုံးသပ်ခဲ့ပြီး စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းဖို့ ကြိုးပမ်းမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကာလရှည် ထောင်ချဖို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း ရေးသားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းလမ်းတွေကနေ လက်နက်ကိုင် တော်လှန်ရေးပုံစံဆီ ပြောင်းလဲလာနေကြောင်း သူက သုံးသပ်ခဲ့ပါတယ်။

ဦးမင်းဇင် အဲဒီအချိန်က သုံးသပ်ခဲ့သလိုပဲ ဒီနေ့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်အခြေအနေထဲ နစ်မြုပ်နေပြီး စစ်တပ်ကလည်း တရုတ်နဲ့ ရုရှားထုတ် လက်နက်တွေ အသုံးပြုကာ အရပ်သားဒေသတွေကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေတယ်လို့ နယူးယောက်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။

Ref:TheNYTimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.