ဘန်ကောက်၊ ဇွန် ၁၂

သုံးနှစ်ကျော်ကြာ မေ့မြောနေတဲ့ ထိုင်း တော်ဝင်မင်းသမီး ဘာရက်ချ်ကီတီယက်ဘာစာဟာအသက် ၄၇ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီဖြစ်ကြောင်း နန်းတော်က ကြေညာပါတယ်။

သူဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာက သူ့ရဲ့ ခွေးတွေကို လေ့ကျင့် သင်ကြားပေးနေချိန်မှာ ပြိုလဲကျသွားခဲ့ပါတယ်။

သူ့ရဲ့ ဆရာဝန်တွေက နှလုံးခုန်နှုန်း မူမမှန်တာနဲ့ သူ့ရဲ့ နှလုံးမှာ ရောဂါပိုး တစ်မျိုး ဝင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ထိုင်းတော်ဝင် မိသားစုမှာ ထီးမွေနန်းလျာ ဆက်ခံမယ့်သူ မရှိ ဖြစ်နေချိန် သူဟာ တော်တော်ကြီး ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

သူဟာ သားတော်သမီးတော် ၇ ပါးရှိတဲ့ ဘုရင် ဗာဂျီရာ လောင်ကွန်ရဲ့ အကြီးဆုံးသမီးတော် ဖြစ်ပြီး ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဘုရင်ရဲ့ ပထမ မိဖုရား၊ ညီမဝမ်းကွဲတော်သူ မင်းသမီး ဆိုအမ်ဆာ ဝါလီက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့က အနီးကပ် တတ်နိုင်သမျှ အထူး ကုသပေးခဲ့ပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေက ဆက်တိုက် ဆိုးရွားလာခဲ့တယ်လို့ နန်းတော်က ဇွန်လ ၁၂ ရက် မနက်မှာ ပြောဆိုပါတယ်။

သူဟာ ဒေသစံတော်ချိန် ညနေ ၇ နာရီ ၄၈ မိနစ်မှာ နတ်ရွာစံတိမ်းပါးသွားတာ ဖြစ်ပြီး ချူလာလောင်ကွန်း ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရှေ့နေ တစ်ယောက်လည်း ဖြစ်ပြီး အမေရိကန် ကော်နယ်လ် တက္ကသိုလ်က ဘွဲ့လွန် ဒီဂရီ နှစ်ခု ရရှိထားသူ ဖြစ်ပါတယ်။

သူဟာ နယူးယောက်ခ်ရှိ ကုလသမဂ္ဂ ရုံးရဲ့ ထိုင်း သံအဖွဲ့မှာ ခေတ္တ အလုပ်လုပ်ခဲ့ပြီး ဘန်ကောက်မှာ အစိုးရရှေ့နေချုပ်အဖြစ် အလုပ်ပြန်လုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ သူဟာ သြစတြီးယားနိုင်ငံဆိုင်ရာ ထိုင်း သံအမတ်ကြီး အဖြစ် လုပ်ကိုင်ခဲ့ပြီး ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေး ဌာနနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အမျိုးသမီး အကျဉ်းသား ကမ္ဘာမှာ အများဆုံး ဖြစ်နေတာကြောင့် သူက ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အားနည်းပြီး အပြစ်ဖို့ ခံရနိုင်တဲ့ အမျိုးသမီးတွေ အကျဉ်းထောင်တွေထဲမှာ အဆုံးမသတ်သင့်ဘူးလို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးဟာ အရှေ့တောင် အာရှ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေး နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး သံအမတ်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ်မှာ သူ့ဖခမည်းတော်က သူ့ရဲ့ ကိုယ်ပိုင် သက်တော်စောင့် အဖွဲ့မှာ အကြီးအကဲချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး သူ့ကို ဗိုလ်ချုပ်ရာထူး ပေးအပ်ခဲ့ပါတယ်။

သူဟာ တာဝေးပြေး ပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့ပြီး အားကစား လိုက်စားသူ ဖြစ်ပါတယ်။

သူ့ကို ထိုင်းနိုင်ငံရဲ့ ထီးနန်းကို ဆက်ခံနိုင်သူ အဖြစ် အများက မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။

သက်တော် ၇၃ နှစ် ရှိနေပြီ ဖြစ်တဲ့ ဘုရင် ဗာဂျီရာလောင်ကွန်က သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူကို မရွေးချယ်ရသေးပါဘူး။

ထိုင်းနိုင်ငံရဲ့ အစဉ်အလာအရ ထီးနန်း ဆက်ခံသူဟာ အမျိုးသား ဖြစ်ရမယ်လို့ သတ်မှတ်ထားပေမယ့် ၁၉၇၄ ဖွဲ့စည်းပုံ ပြင်ဆင်မှုအရ အမျိုးသမီးတွေလည်း ထီးနန်း ဆက်ခံခွင့် ရှိပါတယ်။

ဘုရင်မှာ သားတော် ၅ ဦး ရှိပေမယ့် သူရဲ့ ဒုတိယအိမ်ထောင်နဲ့ ရတဲ့ သားတော် လေးဦးဟာ ၁၉၉၆ ခုနှစ် စွန့်လွှတ်ခံရပြီး လောလောဆယ် အမေရိကန်မှာ သူတို့ရဲ့ မယ်တော်နဲ့ အတူ နေထိုင်နေတာ ဖြစ်ပါတယ်။

သူ့ရဲ့ တတိယဇနီးက မွေးတဲ့ ပဉ္စမမြောက်သားတော် ဒီပန်ကွန်ဟာ ထီးနန်း ဆက်ခံမယ့်သူ ဖြစ်နိုင်တယ်လို့ အများက ယူဆထားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မေးခွန်းတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.