ဝါရှင်တန်၊ ဒူဘိုင်း၊ ဇွန် ၁၁

အမေရိကန်နဲ့ အီရန်တို့ ယခု သီတင်းပတ်ကုန်ရက်မှာ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးနိုင်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ဇွန် ၁၀ ရက်မှာ ပြောပေမယ့် အီရန်က အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

အဲဒီ ငြိမ်းချမ်းရေး သဘောတူညီမှုအတွင်း ကမ္ဘာ့ လောင်စာ သုံးစွဲမှုအတွက် အရေးကြီးတဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ရေးလည်း ပါဝင်တယ်လို့ ထရန့်က ပြောပါတယ်။

အတည်ပြုပြီးပါက အဲဒီ သဘောတူညီချက်ဟာ သုံးလကျော်ကြာ စစ်ပွဲ အဆုံးသတ်ရေး သံတမန်ရေးအရ သိသာ အထင်ရှားဆုံး ဖြေရှင်းမှု တစ်ခု ဖြစ်လာပါလိမ့်မယ်။

သုံးလကြာ စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ကမ္ဘာ့ စွမ်းအင်ဈေး မြင့်တက်ခဲ့ရပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ညှိနှိုင်းထားတဲ့ အချက်အလက် အများကို အပြီးသတ် သဘောတူပြီး ဖြစ်ပေမယ့် သူတို့ရဲ့ အနီရောင် စည်းတွေနဲ့ ပတ်သက်လို့ အီရန်က ညှိနှိုင်းလို့ မရသေးဘူးလို့ ပြောထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အပြီးသတ် သဘောတူညီမှု မရသေးပါဘူး။ အရမ်း အရေးကြီးတဲ့ ကိစ္စတွေကို လောလောဆယ် ဆုံးဖြတ်ချက်ချနိုင်တဲ့ အဖွဲ့အစည်းတွေက ပြန်သုံးသပ်နေပါတယ်လို့ အီရန်ဘက်က ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပါတယ်။

ဒီအတောအတွင်း ထရန့်က အိမ်ဖြူတော်မှာ အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို ကြီးကြီး ကျယ်ကျယ် ဖြေရှင်းဖို့ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ရေလက်ကြားကို ကျွန်တော်တို့ သဘောတူညီမှု လက်မှတ်ရေးထိုးပြီး မကြာခင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်လို့ ထရန့်က ပြောကြားပြီး အီရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို ဒုသမ္မတ ဂျေဒီဗင့်စ် လက်မှတ် ရေးထိုးနိုင်တယ်လို့ ပြောပါတယ်။

အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ မိုခတာဘာက သဘောတူညီမှုကို လက်ခံ အတည်ပြုပါ့မလားလို့ မေးမြန်းရာမှာ ထရန့်က အဖြေဟာ ဟုတ်ကဲ့လို့ပဲ ဖြစ်မယ်လို့ နားလည်ထားကြောင်း ပြောဆိုပါတယ်။

အီရန်ကို နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်ထားပေမယ့် ဖျက်သိမ်းခဲ့ကြောင်း ထရန့်က ပြောဆိုပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မတ်လ အလယ်ကတည်းက အီရန် စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု ရဖို့ နီးစပ်နေပြီလို့ ထရန့်က ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဧပြီလက အပစ်ရပ်ကြောင်း နှစ်နိုင်ငံ ကြေညာထားပေမယ့် ပြီးခဲ့တဲ့ သီးတင်းပတ်ကုန်ရက်တွေအထိ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေပါသေးတယ်။

အီရန်ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ထရန့်က အကြိမ်ကြိမ် ပြောထားပေမယ့် အီရန်က ငြင်းဆိုထားပါတယ်။

အီရန်ရဲ့ တောင်းဆိုမှုတွေမှာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ သိမ်းဆည်းခံထားရတဲ့ ဒေါ်လာ ဘီလီယံပေါင်း များစွာကို ပြန်ပေးဖို့၊ ဟောမု့ဇ် ရေလက်ကြားကို သူတို့ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုပေးဖို့ အချက်တွေ ပါဝင်နေပါတယ်။

အီရန်အနေနဲ့ နျူကလီးယား လက်နက် မရစေရဘူးလို့ ထရန့်က ပြောဆိုထားတာကြောင့် အီရန်ဟာ နျူကလီးယား လက်နက်တွေ ကိုယ်တိုင် ထုတ်လုပ်ခွင့် မရှိသလို ဝယ်ယူခွင့်လည်း ရှိမှာ မဟုတ်ပါဘူး။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.