ဘန်ကောက်၊ ဇွန် ၁၂
ထိုင်းနိုင်ငံ ဆူခိုထိုင်းခရိုင်ရှိ အမျိုးသားတစ်ဦးက အိမ်နီးချင်းဆီက ဆုကြီးပေါက်ထားတဲ့ ထီလက်မှတ်ကို ခိုးယူပြီး ဖမ်းဆီး မခံရစေဖို့ မီးရှို့ဖျက်ဆီးပစ်လိုက်ကြောင်း ရဲတပ်ဖွဲ့ ရှေ့မှောက် ဝန်ခံ ထွက်ဆိုထားပါတယ်။
ဆာယန်လို့ အမည်ရတဲ့ ၅၄ နှစ်အရွယ် အမျိုးသမီးက ဆဝွမ်ခါလော့ ရဲစခန်းမှာ တိုင်ချက် ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမျိုးသမီးက သူ့ရဲ့ ဘတ် ၆ သန်းဆု ပေါက်ထားတဲ့ ပထမဆု ထီလက်မှတ်ကို အိမ်နီးချင်း ဖြစ်သူ ဝါအေက ယူသွားတယ်လို့ စွပ်စွဲခဲ့တာပါ။
ဆာယန်က သူဝယ်ထားတာ ထီလက်မှတ် သုံးစောင်ဖြစ်တဲ့ နံပါတ် ၅၇၉၀၁၅၊ ၁၇၃၇၇၀နဲ့ ၂၆၅၈၇၃ တို့ထဲက ၁၇၃၇၇၀ နံပါတ်က ပထမဆု ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဆာယန်ရဲ့ အဆိုအရ ဝါအေက ထီဆုကြီး ပေါက်တာကြောင့် သူ့ကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ငွေမထုတ်ခင်အထိ သူ့အိမ်မှာပဲ သိမ်းထားဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
နောက်တစ်ရက် ထီလက်မှတ် ပြန်လာယူချိန်မှာတော့ ဝါအေက ထီလက်မှတ်တွေကို သူဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
ဝါအေက ဘယ်ထီလက်မှတ်မှ မပေါက်ကြောင်းနဲ့ ထီလက်မှတ် တစ်စောင်ပဲ ပေါက်ဂဏန်းနဲ့ နည်းနည်းနီးစပ်ပေမယ့် ဂဏန်း တစ်လုံးလွဲနေတယ်လို့ ဆာယန်ကို ပြောဆိုခဲ့တာပါ။
ဝါအေက ဒီဆုကြီး ပေါက်ထားကြောင်း အရင်က အတည်ပြု ပြောထားတာကြောင့် ဆာယန် သံသယ ဝင်လာခဲ့ပါတယ်။
ဝါအေရဲ့ နေအိမ် အမှိုက်ပုံးထဲမှာ ဆာယန် လိုက်ရှာကြည့်ချိန်မှာတေ့ ထီလက်မှတ် နှစ်စောင် ဖျက်ဆီးထားတာ တွေ့ရပေမယ့် ထီဆုကြီး ပေါက်တဲ့ လက်မှတ်က ပျောက်နေပါတယ်။
ရဲစခန်းက ဝါအေနဲ့ သူ့အမျိုးသားကို ဆင့်ခေါ်ပြီး မေးမြန်း စစ်ဆေးခဲ့ရာမှာတော့ စောစောပိုင်းမှာ လင်မယားနှစ်ယောက်က ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းပြီး သူတို့အိမ်ကို ဝင်ရှာဖို့ အရာရှိတွေကို ခွင့်ပြုခဲ့ပါတယ်။
ထီဆုပေါက်၊ မပေါက် စစ်ဆေးကြည့်ပြီးတဲ့နောက် ထီလက်မှတ် သုံစောင်စလုံး ပြန်ပေးလိုက်တယ်လို့ ဝါအေက ထွက်ဆိုပါတယ်။
သက်သေ အထောက်အထားတွေ ရှိနေတာကြောင့် ဆက်လက် စစ်ဆေးရာမှာ အမျိုးသား ဖြစ်သူက ထီဆုကြီး ပေါက်တဲ့ လက်မှတ်ကို ယူထားတာ ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။
ဆာယန်ဟာ အေးအေးဆေးဆေး နေတတ်သူ ဖြစ်တာကြောင့် သူ့ကို ရန်မရှာနိုင်ဘူးလို့ ယူဆပြီး သူက ထီဆုကြီး ပေါက်တဲ့ လက်မှတ်ကို ယူထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် သူစိုးရိမ်စိတ်ကြီးလာပြီး အများ အပြစ်တင်ခံရမှာ စိုးတာကြောင့် ထီလက်မှတ်ကို မီးရှို့ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကို သူတစ်ယောက်တည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး သူ့ဇနီး မသိဘူးလို့ ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။
Ref:Thaiger

