နယူးယောက် ဇွန် ၁၂
ပစိဖိတ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်လေ့ရှိတဲ့ ရာသီဥတု ပုံစံ တစ်မျိုး ဖြစ်တဲ့ အယ်လ်နီညို ရာသီဥတု စတင်နေပြီ ဖြစ်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန် အမျိုးသားသမုဒ္ဒရာနဲ့ လေထုဆိုင်ရာ အဖွဲ့အစည်း (NOAA) က အခုအချိန်မှာ အပူပိုင်း ပစိဖိတ်ဒေသတွေမှာ အယ်လ်နီညို ရာသီဥတု အခြေအနေ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်းနဲ့ ပင်လယ် ရေမျက်နှာပြင် အပူချိန်ဟာ ပြီးခဲ့တဲ့ လပိုင်းက သိသိသာသာ မြင့်တက်လာတယ်လို့ ပြောပါတယ်။
ရာသီဥတု ခန့်မှန်းမှုတွေ အများကြီးမှာ လက်ရှိ အခြေအနေတွေကြောင့် စူပါ အယ်လ်နီညို ရာသီဥတု ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပြီး မှတ်တမ်းတင်ထားသမျှ အပြင်းထန်ဆုံး ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
လူသားတွေကြောင့်ဖြစ်တဲ့ ဆယ်စုနှစ် ပေါင်းများစွာကြာ ကမ္ဘာကြီး ပူနွေးမှုအပြင် နောက်ထပ် စံချိန်တင် ပူပြင်းတဲ့ နှစ် တစ်နှစ်နဲ့ ကြုံနိုင်ပြီး ၂၀၂၇ ခုနှစ်မှာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ရာသီဥတု ကမောက်ကမ ဖြစ်ပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုနဲ့ စီးပွားရေးအပေါ် အများကြီး ထိုခိုက်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
NOAA က ကြေညာတာဟာ အံ့သြစရာ ကြေညာချက် မဟုတ်ဘဲ ရာသီဥတု ခန့်မှန်းသူတွေက ယခုနှစ် စောစောပိုင်းမှာ ပိုအေးတဲ့ လာနီညာ ရာသီဥတု ပုံစံ အဆုံးသတ်ပြီး ကတည်းက ပိုပြီး ပူတဲ့ ရာသီဥတု ပုံစံ ဖြစ်လာတော့မယ်ဆိုတာကို ခန့်မှန်းထားပြီး ဖြစ်ပါတယ်။
ပစိဖိတ် အလယ်ပိုင်းနဲ့ အပူပိုင်း ဒေသတွေမှာ ပင်လယ် ရေမျက်နှာပြင်ဟာ အခုအချိန်မှာ ပျမ်းမျှ ဝ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်ထက် ကျော်လွန်နေပြီး အမေရိကန် သိပ္ပံပညာရှင်တွေက အယ်လ်နီညို စတင်နေတာ ဖြစ်တယ်လို့ ပြောထားပါတယ်။
အယ်လ်နီညို ရာသီဥတု အခြေအနေတွေဟာ ပြီးခဲ့တဲ့လက ဖြစ်ပေါ်လာခဲ့ပါပြီ။ ပင်လယ် ရေမျက်နှာပြင် အပူချိန်တွေက ပျမ်းမျှ အတိုင်းအတာထက် ပိုမြင့်မားနေပါတယ်လို့ ရာသီဥတု အေဂျင်စီ NOAA က ပြောပါတယ်။
အယ်လ်နီညို ရာသီဥတုနဲ့ ကြုံရင် အပူချိန် အလွန် မြင့်တက်နိုင်ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အထူးသဖြင့် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။
Ref:BBC

