ဂျကာတာ၊ ဇွန် ၁၃
အစိုးရရဲ့ မူဝါဒတွေကြောင့် နိုင်ငံ ဒေဝါလီ ခံသွားရနိုင်တယ်လို့ အင်ဒိုနီးရှား ကျောင်းသားတွေက ပြောကြားပြီး ဇွန် ၁၂ ရက်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အသုံးမကျတဲ့ နိုင်ငံတော် အသုံးစရိတ်တွေနဲ့ သမ္မတ ပရာဘိုဝို ဆီဘီယန်တိုရဲ့ အစားအစာ အခမဲ့ ပေးနေတဲ့ အစီအစဉ်တွေ ရပ်တန့်ဖို့ ကျောင်းသားတွေက တောင်းဆိုထားပါတယ်။
အစားအစာ အခမဲ့ ကျွေးမွေးတယ်ဆိုရာမှာလည်း အကျင့်ပျက်ခြစားမှုတွေ၊အစုလိုက်အပြုံလိုက် အဆိပ်ခတ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
လောင်စာဈေးနှုန်း တိုးမြှင့်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျောင်းသားတွေက ကန့်ကွက် ဆန္ဒပြနေကြပြီး ဒီပြဿနာက အင်ဒိုနီးရှားရှိ လူလတ်တန်းစားတွေကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံ စီမံခန့်ခွဲမှု အလွဲအမှားတွေ ရှည်ကြာနေတာနဲ့ ပတ်သက်လို့ အများပြည်သူ ဒေါသ လများစွာကြာ တအုံနွေးနွေး ဖြစ်နေပြီးနောက် ဇွန် ၁၂ ရက်မှာ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းသုံး ငွေကြေး ဖြစ်တဲ့ ရူပီးယား ငွေဈေးလည်း တော်တော်ကြီး တန်ဖိုးလျော့ကျနေပါတယ်။
အင်ဒိုနီးရှားမှာ လောင်စာ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး နိုင်ငံသားတွေရဲ့ နေထိုင်စားသောက်မှု ပိုပြီး ခက်ခဲလာနေတယ်လို့ တက္ကသိုလ် ကျောင်းသား ဇာကီက ရဲတပ်ဖွဲ့ဝင်တွေကို အော်ဟစ် ပြောဆိုခဲ့ပါတယ်။
ကျောင်းသားတွေရဲ့ အသံတွေကို မင်းတို့ ဘာကြောင့် ကြောက်နေကြတာလဲလို့လည်း သူက ပြောထားပါတယ်။
အင်ဒိုနီးရှားရှိ ဘီဘီစီ သတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေမှာ ရဲတပ်ဖွဲ့ ချထားတဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ လူတွေ တွန်းကန်နေတာတွေ တွေ့ရပြီး ပစ္စည်းတွေကိုလည်း မြှောက်ပစ်တာတွေ မြင်တွေ့ရပါတယ်။
ဒီလို အခြေအနေတွေ ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူး လို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ပစ္စည်းပို့သူ တစ်ဦး သေဆုံးမှုကြောင့် လူ့မလိုင်တွေ ကြီးစိုးမှုနဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ပတ်သက်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ် မပြည့်ခင်မှာ လက်ရှိ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ အသုံးများတဲ့ လောင်စာ ဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပြီး အစိုးရက လောင်စာ ဈေးနှုန်း ထိန်းချုပ်ဖို့ ကြိုးပမ်းနေပေမယ့် အစားအစာ အခမဲ့ ကျွေးမွေးတဲ့ စီမံကိန်းတွေက အစိုးရဘက်ဂျက်ကို အများကြီး ထိခိုက်စေပါတယ်။
သမ္မတ ပရာဘိုဝိုရဲ့ အဓိက မူဝါဒ နေရာမှာ အဲဒီ အစားအစာ အခမဲ့ ကျွေးမွေးတဲ့ ပြဿနာ ပါဝင်နေပြီး သူ့ရဲ့ ၂၀၂၄ သမ္မတ မဲဆွယ် ကတိတွေထဲက တစ်ခုကို အကောင်အထည် ဖော်ရာမှာ ကျောင်းသားတွေရဲ့ မကျေနပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အစုလိုက် အပြုံလိုက် အဆိပ်ခတ်မှုတွေ ရှိနေပြီး အကျင့်ပျက်ခြစားမှုတွေ ရှိနေတာကြောင့် ပြည်သူလူထုအနေနဲ့ ဒါကို ရပ်တန့်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ဆန္ဒပြ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ပရာဘိုဝိုက အစားအစာ အခမဲ့ ကျွေးမွေးမှု တာဝန်ခံ ဌာန ခေါင်းဆောင်ကို ထုတ်ပယ်ခဲ့ပေမယ့် ပြဿနာတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Ref:BBC

