မော်စကို၊ ဇွန် ၁၃
တိုက်ခိုက်ရေး ဒရုန်းတွေကို ထိန်းချုပ်ရေး ဂြိုဟ်တု အခြေခံစနစ် တစ်ခု ရုရှားက တီထွင်လိုက်ပြီ ဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၁၂ ရက် စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။
စစ်မှုထမ်း အဖွဲ့ဝင် ၁၅၁၀၀၀၀ အပါအဝင် ရုရှား စစ်တပ်မှာ စစ်သား ၂၃၉၉၁၃၀ ရှိရမှာ ဖြစ်ကြောင်း ပူတင်က ညွှန်ကြားချက် ထုတ်ခဲ့တယ်လို့ ရုရှား မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ယူကရိန်းကို ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ရုရှားအနေနဲ့ ပစ်အားဆိုင်ရာ အရေးသာမှုတွေ ရှိနေပေမယ့် ယူကရိန်းရဲ့ဒရုန်း နည်းပညာ ဆန်းသစ်လာမှုကြောင့် အခက်ကြုံနေရပါတယ်။
နှစ်နိုင်ငံကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အဓိကကတော့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှု ရယူဖို့ ယူကရိန်းက အဆိုပြု တောင်းဆိုထားပြီး သမ္မတ နှစ်ဦးချင်း မျက်နှာချင်းဆိုင် ဆွေးနွေးမယ်လို့ ဇီလန်စကီးက အဆိုပြုထားပေမယ့် ပူတင်က လောလောဆယ် ဆွေးနွေးဖို့အကြောင်း မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်က အရှေ့အလယ်ပိုင်း စစ်ပွဲကို အာရုံစိုက်နေချိန်မှာ ယူကရိန်းက လေကြောင်း ကာကွယ်ရေးစနစ် ထောက်ပံ့ပေးရေး တောင်းဆိုထားပါတယ်။
ရုရှားက သူတို့ တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားနိုင်တဲ့ ဒေသတွေကို သူတို့ ထိန်းချုပ်မှုအောက် အပြည့်အဝ ပေးအပ်ရမယ်လို့ တောင်းဆိုထားပေမယ့် ယူကရိန်းက ငြင်းဆိုထားပါတယ်။
Ref:Reurters

