ဝါရှင်တန်ဒီစီ ဇွန် ၁၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နာမည်ကို ဝါရှင်တန်ဒီစီမှာရှိတဲ့ ကနေဒီစင်တာ အဆောက်အအုံပေါ်ကနေ ဇွန် ၁၃ ရက် မနက်အစောပိုင်းမှာ ဖယ်ရှားလိုက်ပါတယ်။

သမ္မတ ထရန့်ရဲ့ နာမည်ကို ဖယ်ရှားဖို့ တရားရုံးက အမိန့်ချထားပြီးနောက် အစိုးရဘက်က သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ကို မမီနိုင်ဘူးလို့ ပြောခဲ့ပေမယ့် နောက်ဆုံးမှာတော့ အလုပ်သမားတွေက မနက် ၁ နာရီကျော်လောက်ကစပြီး နာမည်ဖယ်ရှားရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကနေဒီစင်တာဘုတ်အဖွဲ့က အဲဒီအနုပညာစင်တာရဲ့ အမည်ကို “The Donald J. Trump and The John F. Kennedy Memorial Center for the Performing Arts” ဒေါ်နယ်ထရန့်နဲ့ ဂျွန်အက်ဖ်ကနေဒီအထိမ်းအမှတ် ဖျော်ဖြေရေးအနုပညာစင်တာလို့ ပြောင်းလဲဖို့ မဲပေးဆုံးဖြတ်ခဲ့ပြီး ထရန့်ရဲ့ နာမည်ကို အဆောက်အအုံပေါ်မှာ တပ်ဆင်ခဲ့တာပါ။

ဒါပေမယ့် အမေရိကန် ပြည်ထောင်စုတရားသူကြီး ခရစ်စတိုဖာ ကူးပါးက မေ ၂၉ ရက်နေ့မှာ ကနေဒီစင်တာရဲ့ အမည်ကို ပြောင်းလဲဖို့ အာဏာဟာ ကွန်ဂရက်လွှတ်တော်မှာပဲ ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး ထရန့်ရဲ့ နာမည်ကို အဆောက်အအုံ၊ ဝက်ဘ်ဆိုက်နဲ့ တခြားစာရွက်စာတမ်းတွေကနေ ဖယ်ရှားဖို့ အမိန့်ချခဲ့ပါတယ်။

အမေရိကန် တရားရေးဝန်ကြီးဌာနကတော့ မိုးကြိုးမုန်တိုင်းကြောင့် အလုပ်သမားတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတဲ့အတွက် သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် ဖယ်ရှားဖို့ မဖြစ်နိုင်ဘူးလို့ ပြောပြီး အချိန် ၁၂ နာရီ ထပ်တိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးက အဲဒီတောင်းဆိုချက်ကို ပယ်ချခဲ့ပြီး အစိုးရဘက်က အယူခံဝင်ခဲ့ပေမယ့် အယူခံတရားရုံးကလည်း ဆိုင်းငံ့ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ကနေဒီစင်တာကို ၁၉၇၁ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီကို ဂုဏ်ပြုဖို့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ထရန့်ကတော့ ၂၀၂၅ ခုနှစ်မှာ သမ္မတအဖြစ် ပြန်လည်တာဝန်ယူပြီးနောက် ကနေဒီစင်တာဘုတ်အဖွဲ့ထဲ သူ့ရဲ့ မဟာမိတ်တွေကို ခန့်အပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကနေဒီစင်တာ အဆောက်အအုံပေါ်က ထရန့်ရဲ့ နာမည်ကို အပြီးသတ် ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.