မော်လမြိုင် ၊ ဇွန် ၁၀
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး ထိခိုက်အနှောင့်အယှက် ဖြစ်နေတဲ့အပေါ် ထိရောက်စွာ အရေးယူ တားဆီးပိတ်ပင်ရေးအဆိုကို ဇွန် ၉ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်းလာပါတယ်။
ဒီအဆိုကို စစ်အစိုးရဲ့ တတိယအကြိမ် မွန်ပြည်နယ် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့မှာ ဘီလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက တင်သွင်းခဲ့တာပါ။
အဆိုရှင်က လူအများကို နည်းမျိုးစုံနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အန္တရာယ်ပြုနိုင်တဲ့ မွန်ပြည်နယ်အတွင်း တစ်စတစ်စ ကျယ်ပြန့်လာတဲ့ အတွဲလိုက် ဆောင်းဘောက် မဆင်မခြင် ဖွင့်တာတွေကို အရေးယူတားဆီး ပိတ်ပင်ပေးဖို့ အဆိုတင်သွင်းရတာလို့ ဆိုပါတယ်။
ဒါ့အပြင် အတွဲလိုက် ဆောင်းဘောက် ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နားရောဂါ အမျိုးမျိုး၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ် ရောဂါ၊ အူအတွင်းမှာ ဖြစ်တဲ့ ရောဂါများ ဖြစ်ပွားမှု များလာကြောင်း သုတေသန အချက်အလက်တွေအရ သိရတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အတွဲလိုက် ဆောင်းဘောက်တွေနဲ့ ယှဉ်တွဲပါလာတဲ့ မြန်မာ ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ တီးလုံးတွေ ဖွင့်တာ၊ ကခုန်တွန့်လိမ်တာ စတဲ့ သရုပ်ပျက် အပြုအမူတွေ အပြင် ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ အဆိုရှင်က ထောက်ပြထားပါတယ်။
ဒီအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ထောက်ခံဆွေးနွေးခဲ့တဲ့အတွက် လာမယ့် လွှတ်တော် အစည်းအဝေး ကျင်းပမယ့်နေ့ရက်တွေမှာ ထပ်မံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
တတိယအကြိမ် မွန်ပြည်နယ် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့မှာ မေးခွန်း ငါးခု မေးမြန်းခဲ့ပြီး အဆို နှစ်ခု တင်သွင်းခဲ့သလို လွှတ်တော် ရေးရာ ကော်မတီအဖွဲ့ဝင်တချို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

