ရေး၊ ဇွန် ၁၀
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ် တကျော့ပြန် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဇွန် ၈ ရက်နေ့ မနက်ပိုင်းကစလို့ ရေးမြို့နယ် မော့ကနင်ကျေးရွာကနေ နှစ်ကရင်၊ သပြေရွာသစ်၊ ကော့ဒွတ်နဲ့သပြေကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
အင်အားဖြန့်ခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းတွေဟာ ဒေသခံပြည်သူတချို့ကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး လက်ရှိအချိန် ဖမ်းဆီးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှာ စိုးရိမ်နေကြသလို ဒေသခံတချို့ကတော့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဒီစစ်ကြောင်းထိုးမှုဟာ မိုးတွင်းကာလအတွင်း စစ်ကော်မရှင်တပ်က နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေး ဆောင်ရွက်မှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း ရေးမြို့နယ် နှစ်ကရင်ကျေးရွာနဲ့ လိမ္မော်ခြံကျေးရွာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ရေးမြို့နယ်အတွင်းမှာ လေကြောင်းကင်းထောက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

