ရေး၊ ဇွန် ၈

မြန်မာတောင်ပိုင်းဒေသဖြစ်တဲ့ မွန်၊ကရင်တနင်္သာရီတို့မှ တစ်လအတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၂၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှု ကွန်ရက်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်လအတွင်း မြန်မာပြည်တောင်ပိုင်းရှိ ဘီးလင်း၊ ကြာအင်းဆိပ်ကြီးနဲ့ ရေးမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ရေးမြို့နယ်မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအနည်းဆုံး ၂၀ ဦး သေဆုံးခဲ့တယ်လို့ မြန်မာပြည်တောင်ပိုင်း လူသားချင်း စာနာထောက်ထားမှုကွန်ရက်က ဆိုထားပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်ရဲ့ မြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားလာတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု အပြင်းအထန် ခြိမ်းခြောက်ခံနေရပြီး ဒုစရိုက်မှုတွေ သိသိသာသာ တိုးလာနေပါတယ်။

အထူးသဖြင့် မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှာ လူသတ်မှုတွေ အကြိမ်ကြိမ်မှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းတွေကို လူမြင်ကွင်းမှာ စွန့်ပစ်ထားခဲ့တာဟာ သေဆုံးသူရဲ့ လူ့ဂုဏိသိက္ခာကို ညှိုးနွန်းစေပြီး ဒေသခံတွေကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာနဲ့ ထိတ်လန့်မှု ဖြစ်စေဖို့ ဖန်တီးထာတဲ့ လူအခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။

မေလအတွင်း စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေအရ တပ်သားသစ် စုဆောင်းတဲ့ လုပ်ငန်းတွေကို အရပ်သားလူငယ်တွေအား အဓိက ပစ်မှတ်ထားပြီး မြို့နယ်တိုင်းမှာ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

မေလအတွင်း မြန်မာပြည်တောင်ပိုင်းမှာ အကြီးစားစစ်ဆင်ရေးနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ လျော့နည်းသွားပေမယ့် အရပ်သားပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှု မရှိတဲ့အပြင် စစ်မှုထမ်းစုဆောင်းမှုတွေကြောင့် လူငယ်တွေရဲ့ လူမှုစီးပွားဘဝ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.