နေပြည်တော် ၊ ဇွန် ၁၀
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖြစ် အာဆီယံနဲ့ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုရရှိရေးအတွက် အာဏာသိမ်း စစ်အစိုးရက သံတမန်ဆက်ဆံရေးမှာ အပြောင်းအလဲလုပ်လာပါတယ်။
အာဏာသိမ်းမှုအတွင်း တရုတ်၊ ရှရှားနဲ့ ဘယ်လာရုစ်တို့ကိုသာ နှစ်ဘက်အကျိုးစီးပွားအရ ဆက်ဆံခဲ့ပေမယ့် အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ပုံဖော်လာချိန်မှာတော့ ဒေသတွင်းနိုင်ငံတွေနဲ့ပါ ထိတွေ့ဆက်ဆံ လာတာပါ။
စစ်အစိုးရကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကျဉ်ထားချိန်မှာ နိုင်ငံရဲ့ အနောက်ဘက်ရှိ အိမ်နီချင်း အိန္ဒိယအစိုးရက အရေးတယူ ဖိတ်ခေါ်ပြီး နှစ်ဘက်အကျိုးစီးပွားအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား နဲ့ အင်ဒိုနီးရှားတို့ကလည်း စစ်အစိုးရကို ထိတွေ့ဆက်ဆံကာ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး မြန်မာ့အရေးကို တွန်းတင်လာတာပါ။
စစ်အစိုးရဘက်ကလည်း အာဆီယံအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ သူတို့ကို ကြိုဆိုတဲ့ ဘယ်နိုင်ငံမဆို သံတမန်ရေးအရ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းနေတာ တွေ့ရပါတယ်။
ဒါဟာ စစ်အစိုးရအနေနဲ့ အထူးသဖြင့် တရုတ်ကိုပဲ အားကိုးရတဲ့အခြေအနေကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအရ လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက်တဲ့ မူဝါဒကို လက်တွေ့ကျင့်သုံးပြီး ဒေသတွင်းနိုင်ငံတွေကိုပါ အလေးပေးလာတဲ့ သဘောလို့ နားလည်ရပါတယ်။
လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အိန္ဒိယအပါအဝင် ဒေသတွင်းနိုင်ငံတချို့က စစ်အစိုးရနဲ့ ဆက်ဆံလာပေမယ့် တရုတ်ကို အားထားရတဲ့ အခြေအနေက လျော့မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“အာဆီယံမှာလည်း အရမ်းကို တက်တက်ကြွကြွနဲ့ပဲ အခုဆိုရင် ကျွန်တော်တို့ သိသလောက် ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ သွားပြီးပြီ။ အဲဒီလိုပဲ မြန်မာကလွှတ်တဲ့ အဆင့်မျိုးစုံဗျ တခါလေကျရင် ဝန်ကြီးအဆင့်မဟုတ်ဘူး၊ ရန်ကုန်မြို့တော်ဝန် မန္တလေးမြို့တော်ဝန် အဲဒါတွေနဲ့လည်း အာဆီယံအသိုင်းအဝိုင်းကို အတင်းပြန်လည်ဝင်ဆံ့ဖို့ ကြိုးစားတာပေါ့ဗျာ။ ဆိုလိုတာက တရုတ်အားထားရတဲ့ အခြေအနေကတော့ ယုတ်လျော့မှာ မဟုတ်ဘူး။အထူးသဖြင့် သူ့ရဲ့ တရားဝင်မှုပေါ့၊ နောက်တခါ လက်နက် ဒရုန်း အဲဒီလိုဟာတွေ နိုင်ငံရေးအရရော စစ်ရေးအရရော တရုတ်အပေါ်မှာ (မှီခိုနေရတယ်) ။ နောက်တခါ မြောက်ပိုင်းအဖွဲ့တွေပေါ် (တရုတ်က) ဩဇာကြီးတာကိုး။ အဲဒီလိုတော့ ကျွန်တော်ထင်တယ် အချိန်အတိုင်းအတာတစ်ခုအထိ လျော့သွားမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေနဲ့အတူ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်ဟာ လဲပြိုလုမတတ်ဖြစ်ခဲ့ရပြီး တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုကြောင့်သာ နလန်ထူလာနိုင်ခဲ့တာပါ။
စစ်အစိုးရရဲ့ သမ္မတရာထူးကို ရယူထားတဲ့ ဦးမင်းအောင်လှိုင်ကလည်း သူတို့အစိုးရက တရုတ်-မြန်မာ ဆက်ဆံရေးမှာ အေးအတူပူအမျှရှိတဲ့ အခြေအနေကို အကောင်းဆုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်မှု ဒါမှမဟုတ် အသီးအပွင့်တွေရှိလာရင် တရုတ်နိုင်ငံက ခံစားရသလို တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်မှုတွေ ရှိလာတဲ့အခါ မြန်မာနိုင်ငံက အဲဒီအကျိုးကို ခံစားရတာဟာ အေးအတူပူအမျှပဲလို့ ဆိုပါတယ်။
ဇွန် ၈ ရက်နေ့ ညနေပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၆ နှစ်မြောက်အထိမ်းအမှတ် ၂၀၂၆ တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ် ဖွင့်ပွဲအခမ်းအနားမှာ China Media Group – CMG ကို ဖြေကြားခဲ့တာပါ။
တစ်ဘက်မှာတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသိုက်အဝန်းကြား အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေမှုနဲ့ ပိုမိုတောင့်တင်းခိုင်မာတဲ့ ဆက်ဆံမှုတွေ ပြန်လည်တိုးတက်လာစေရေး ဆွေးနွေးခဲ့တယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိက မူဘောင်အဖြစ် ဆက်လက်ထားရှိဖို့ အရေးကြီးတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက ပြောပါတယ်။
ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြန်မာကိုယ်တိုင် ဦးဆောင်ရမှာဖြစ်ပြီး သက်ဆိုင်သူအားလုံးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ဇွန် ၈ ရက်နေ့က နေပြည်တော်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ပြောဆိုထားတာပါ။
ပြီးခဲ့တဲ့ လတွေတုန်းကလည်း အာဆီယံအဖွဲ့ဝင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းက နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ကို လာရောက်ပြီး အာဏာသိမ်း သမ္မတ ဦးအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ဦးတိုးဇော်လတ်ကတော့ စစ်အစိုးရအနေနဲ့ သံတမန်ရေးကို ရက် ၁၀၀ အတွင်း စစ်ဆင်ရေးလိုမျိုး ဗျူဟာချပြီး လုပ်လာတာ တွေ့ရပေမယ့် ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာတွေလည်း ကျူးလွန်နေဆဲဖြစ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံဖို့ ခက်မယ်လို့ မှတ်ချက်ပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ICG

