ဘန်ကောက်၊ ဇွန် ၆

ဆီဘူးမြို့မှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုတွေအရ မြန်မာနိုင်ငံသို့ သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်လည် သုံးသပ်ဖို့ အဖွဲ့ဝင် တချို့ ဆန္ဒပြင်းပြလာကြောင်း ဖော်ပြနေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ လက်ထောက် ဝန်ကြီးချုပ် ဆီဟာဆက် ဖျူအန်ကက်ကွေးက ပြောလိုက်ပါတယ်။

အခြေအနေ တနည်းနည်း ပြောင်းလဲလာတယ်လို့ မိမိအနေနဲ့ ခံစားမိကြောင်းနဲ့ သင်းကွဲ ဖြစ်နေတဲ့ မြန်မာနိုင်ငံကို မိမိတို့ အလိုမရှိဘူးလို့ ထင်ကြောင်း ဇွန် ၅ ရက်က CNA သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ကြီး ဆီဟာဆက်က ပြောခဲ့တာပါ။

ငြိမ်းချမ်းရေးဆီ တစ်ဆင့်ချင်း သွားနေတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စေ့စပ်မှု လိုအပ်ပါတယ်။ အဖွဲ့ဝင် နိုင်ငံ တချို့က သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်စဉ်းစားနေကြပြီလို့ ကျွန်တော် ခံစားမိပါတယ် လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုတာပါ။

နှစ်များစွာကြာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် မြန်မာအရေးကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ အာဆီယံ ဆက်လက် အခက်ကြုံနေဆဲ ဖြစ်ပါတယ်။

မြန်မာ ပဋိပက္ခကြောင့်ပဲ ဒေသဆိုင်ရာ စည်းလုံးမှုကို ထိခိုက်စေပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး ကြိုးပမ်းမှုတွေကိုလည်း ရှုပ်ထွေးစေပါတယ်။

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူသားချုင်း စာနာထောက်ထားရေး ပြဿနာကို ဖြေရှင်းရေး အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို လက်ခံ အတည်ပြုထားတာ ဖြစ်ပါတယ်။

၂၀၂၂ နောက်ပိုင်း မြန်မာ စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ ငြိမ်းချမ်းရေး ကတိကဝတ်တွေကို အလေးထားဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေကနေ သူတို့ကို တားမြစ်ထားခဲ့ပါတယ်။

မကြာသေးခင်က ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ထိုင်းက မြန်မာနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဆက်လက်ထိန်းသိမ်းထားပြီး ဝန်ကြီး ဆီဟာဆက်က ဘန်ကောက်ရဲ့ စေ့စပ်ရေး မူဝါဒဟာ ခြွင်းချက် မရှိတာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

အာဆီယံနဲ့ မြန်မာကြား တံတားထိုး ဆက်သွယ်ပေးဖို့ဘန်ကောက် အစိုးရက ရည်ရွယ်ထားကြောင်း ဝန်ကြီး ဆီဟာဆက်က ဖေဖော်ဝါရီလအတွင်း ပြောဆိုခဲ့တာပါ။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အရ အာဆီယဲ့ စိုးရိမ်မှုတွေကို မြန်မာ စစ်ဗိုလ်ချုပ်တွေ ဖြေရှင်းရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဘုံသဘောတူညီချက်အရ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချပြီး ယုံကြည်စိတ်ချရတဲ့ ဆွေးနွေးမှု လုပ်ရမှာ ဖြစ်သလို လူသားချင်း စာနာထောက်ထားရေး အကူအညီလည်း ပေးရမှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်တွေက မြန်မာကို အာဆီယံ လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ ပြန်လည် ပါဝင်လာစေဖို့ အခြေခံ အစီအစဉ်တွေ ဖြစ်လိမ့်မယ်လို့ ဆီဟာဆက်က ပြောပါတယ်။

ထိုင်းရဲ့ ဦးတည်ချက်က အာဆီယံ ဘုံ သဘောတူညီမှု ၅ ရပ်ကို စွန့်လွှတ်ဖို့ မဟုတ်ဘဲ လက်တွေ့ကျတဲ့ နည်းလမ်းနဲ့ အကောင်အထည်ဖော်ရေး ကြိုးပမ်းဖို့ ဖြစ်တယ်လို့ ဆီဟာဆက်က ဆိုပါတယ်။

မြန်မာနိုင်ငံထဲက အခြေအနေတွေကိုလည်း လက်တွေ့ လေ့လာသုံးသပ်ဖို့ အစိုးရ အဖွဲ့တွေက ပိုမို ကြိုးစားနေကြတယ်လို့လည်း ဆီဟာဆက်က ပြောပါတယ်။

ပြီးခဲ့တဲ့လက နေပြည်တော်သို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ဖို့ စီစဉ်ထားမှုတွေကို ဆီဟာဆက်က ကိုးထား ပြောဆိုထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ချန်ကာနဲ့လည်း မိမိတို့ ဆွေးနွေးခဲ့ကြပြီး မြန်မာ နိုင်ငံကို ချဉ်းကပ်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ နှစ်ဖက် အမြင်တွေ ဖလှယ်ခဲ့ကြတယ်လို့ ဆီဟာဆက်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

Source: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.