ဝါရှင်တန်၊ ဇွန် ၆

လာမယ့် သီတင်းပတ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် အီရန် ဘောလုံးအသင်းကို နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ဗီဇာ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက အတည်ပြုလိုက်ပါတယ်။

ဇွန် ၁၅ ရက် လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပမယ့် နယူးဇီလန်နဲ့ ယှဉ်ပြိုင်ရမယ့် အီရန်အသင်းရဲ့ ဗွေဆော်ဦးပွဲ မတိုင်ခင် ၁၀ ရက်အလိုမှာ ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အားကစားသမားတွေနဲ့ လိုအပ်တဲ့ အကူအညီပေးရေး ဝန်ထမ်းတွေ အပါအဝင် အီရန်အသင်း ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဗီဇာတွေ လိုအပ်တဲ့အတွက် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်လို့ အမေရိကန် အရာရှိတွေက အတည်ပြုလိုက်တာပါ။

ဒါပေမဲ့ အီရန်အသင်းသားအဖြစ် ဟန်ဆောင်ပြီး ဝင်လာသူတွေကို အမေရိကန် နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ ဒီစနစ်ကို တလွဲ အသုံးချခွင့်ပေးမှာ မဟုတ်ဘူးလို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

ဗီဇာ ခွင့်ပြုမှုနဲ့ ပတ်သက်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က တရားဝင် မှတ်ချက်ပြုထားတာ မတွေ့ရသေးပါဘူး။

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားကို ဇွန် ၁၁ ရက်မှာ အမေရိကန်၊ မက္ကစီကိုနဲ့ ကနေဒါတို့က ပူးတွဲ အိမ်ရှင်တွေအဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံ တစ်နိုင်ငံက သူတို့နဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံကို လက်ခံ ယှဉ်ပြိုင်ရတာကို မြင်တွေ့ရတာက တော်တော်လေး စိတ်မချမ်းမြေ့စရာ ဖြစ်ပါလိမ့်မယ်။

မေလကုန်ပိုင်းမှာ အီရန် ဘောလုံးအသင်းက သူတို့ရဲ့ လေ့ကျင့်ရေးကွင်းကို အရီဇိုးနားကနေ မက္ကစီကိုသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

အီရန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မီဂဒီက ဗီဇာ ပြဿနာတွေကြောင့် အဲဒီလို ပြောင်းရွှေ့ရတာ ဖြစ်တယ်လို့ အဲဒီအချိန်က ပြောကြားခဲ့ပါတယ်။

ဇွန် ၅ ရက်အထိ အီရန် ဘောလုံးအသင်း နည်းစနစ်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်း ဝန်ထမ်း တချို့ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ မရကြသေးဘူးလို့ Fars သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ ဆက်နွယ်တဲ့ အီရန် ဘောလုံးအသင်းသားတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက စောစောပိုင်းက ပြောဆိုခဲ့တာပါ။

အီရန် ဘောလုံးအသင်းသား တချို့ဟာ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ အတူ စစ်ပညာသင်ယူမှု ပြီးဆုံးထားပြီ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.