ဝါရှင်တန်၊ ဇွန် ၆

အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်နေချိန် သမ္မတ ဒေါ်နယ် ထရန့် မျက်စိမှိတ်ပြီး အိပ်ပျော်သွားပုံရပြီးနောက် သူ့ကို ဒီမိုကရက်တို့က အိပ်ပျော်နေတဲ့ အကြီးအကဲချုပ်လို့ ပြောဆို လှောင်ပြောင်နေကြပါတယ်။

သဘာဝပတ်ဝန်းကျင် မထိခိုက်စေနိုင်တဲ့ သန့်ရှင်းတဲ့ ကျောက်မီးသွေးအကြောင်းနဲ့ ပတ်သက်လို့ ဇွန် ၄ရက် နေ့လယ်ပိုင်း ပြုလုပ်တဲ့ အခမ်းအနားမှာ ထရန့်က သတင်းထောက်တွေကို ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ အုပ်ချုပ်ရေးမှူး လီဇက်ဒင်နဲ့ ပြည်ထဲရေးဝန်ကြီး ဒေါက် ဘက်ဂင်တို့ ရှင်းလင်း တင်ပြချိန်မှာ ထရန့်ဟာ ကုလားထိုင်မှာ ကျောမှီပြီး ခဏခဏ အိပ်ပျော်သွားပုံကို မြင်တွေ့ခဲ့ရပါတယ်။

လူမှုမီဒီယာမှာ မိတ်ဆွေဖွဲ့ထားသူ ပရိသတ် အများကြီးရှိတဲ့ လူသိထင်ရှား ဒီမိုကရက်တွေက အဲဒီ အခွင့်အရေးကို အမိအရ အသုံးချပြီး သမ္မတကို လှောင်ပြောင်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ် ပါတီရဲ့ တရားဝင် အကောင့်မှာ အိပ်ပျော်နေတဲ့ အကြီးအကဲချုပ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ထရန့် အိပ်ပျော်နေပုံကို ဖော်ပြထားပါတယ်။

လီ ဇက်ဒင် ပြောဆိုရှင်းလင်းနေတာကို နားထောင်ရတာထက် အိပ်နေတာက အများကြီး ပိုကောင်းတယ်ဆိုပြီး နယူးယောက် အုပ်ချုပ်ရေးမှူး ဒီမိုကရက် ကေသီ ဟိုရှူးရဲ့ ပြန်ကြားရေးရုံး အကောင့်မှာ ရေးသားထားပါတယ်။

ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆင်ရဲ့ အဖွဲ့က အိပ်ငိုက်တဲ့ မြည်း ပြန်လာပြီး (သူဘယ်တော့မှ ထွက်မသွားဘူး) ဆိုပြီး လူမှုမီဒီယာမှာ ရေးသား လှောင်ပြောင်ထားပါတယ်။

ဒေါ်နယ် ထရန့် သတင်းစာ ရှင်းလင်းပွဲအတွင်း အိပ်ငိုက်နေတယ်ဆိုတဲ့ လူမှုမီဒီယာပေါ်က ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို အိမ်ဖြူတော်က ငြင်းချက်ထုတ်ထားပါတယ်။

မင်းတို့ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်မှာ သူ့မျက်လုံးတွေ တကယ်ပဲ ပွင့်နေတယ်လေ ငတုံးတွေရဲ့ ဆိုပြီး အိမ်ဖြူတော်က တုံ့ပြန်ထားပါတယ်။

ဒေါ်နယ် ထရန့်ဟာ အမှန်တကယ် အိပ်ပျော်သွားပုံရပြီး ပြီးခဲ့တဲ့ မေ ၁၁ ရက်မှာလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါသေးတယ်။

သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို ထရန့်က အိပ်ပျော်နေတဲ့ ဂျိုးလို့ ခေါ်ဝေါ်ပြီး အကြိမ်ကြိမ် လှောင်ပြောင်ခဲ့ဖူးပါတယ်။

အခုဖြစ်စဉ်မှာလည်း ဘိုင်ဒန်ရဲ့ သားကလည်း ထရန့်ကို ဘက်ထရီ အားသွင်းပေးဖို့ မေ့နေကြတယ်ဆိုပြီး ရေးသား လှောင်ပြောင်ခဲ့ပါတယ်။

တခြားလူတွေကတော့ ရီပက်ဘလေကန် သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Ref:Independent

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.