မော်စကို၊ ဇွန် ၆

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၅ ရက်မှာ ပယ်ချလိုက်ပါတယ်။

လေးနှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ ဗီလန်စကီးက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ပူတင်က အခုလိုမျိုး တုံ့ပြန်လာတာပါ။

သူ့ရဲ့ မွေးရပ်မြို့ စိန့်ပီတာစဘာ့ဂ်မြို့မှာ ကျင်းပတဲ့ စီးပွားရေး ညီလာခံမှာ ပူတင်က ဖြစ်နိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ရဲ့ သတ်မှတ်ချက်တွေကို သဘောမတူခင် ဇီလန်စကီးနဲ့ တွေ့ဆုံစရာ အကြောင်း မမြင်ဘူးလို့ ပြောပါတယ်။

ရုရှား ခေါင်းဆောင်ဟာ အားနည်းပြီး စစ်ပွဲကိုပဲ ထပ်ပြီး ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ယူကရိန်းက တုံ့ပြန်ထားပါတယ်။

မိမိတို့ရဲ့ စစ်ပွဲ ရည်မှန်းချက်တွေ ပြည့်မြောက် အောင်မြင်တဲ့အထိ ရုရှား စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပူတင်က ကြွေးကြော်ပါတယ်။

ရုရှားက ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသကို ထိန်းချုပ်ခွင့် တောင်းဆိုထားတဲ့ အပြင် အိမ်နီးချင်း ယူကရိန်းအပေါ် နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ တင်းကြပ် တားမြစ်မှုတွေ အများကြီး ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

ယူကရိန်း အစိုးရနဲ့ သူတို့ရဲ့ မဟာမိတ်တွေက ရုရှားရဲ့ တောင်းဆိုမှုတွေဟာ ထိန်းချုပ်ချယ်လှယ်ဖို့ ကြိုးပမ်းမှု ဖြစ်တယ်ဆိုပြီး ပယ်ချထားပါတယ်။

အမေရိကန် ကြားဝင် စေ့စပ်ပေးထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက နှစ်နိုင်ငံ သဘောတူညီမှု ရရှိရေး နီးစပ်အောင် မလုပ်ဆောင်နိုင် ဖြစ်နေပါတယ်။

သမ္မတ ဇီလန်စကီးက ရုရှား ခေါင်းဆောင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးလိုကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ပြီး ဇွန် ၄ ရက်မှာ တိုက်ရိုက်တောင်းဆိုခဲ့ပါတယ်။

ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမယ့် ရက်ကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့ ဇီလန်စကီးက တောင်းဆိုခဲ့တာပါ။

ဒါပေမဲ့ နောက်တစ်ရက်မှာပဲ ပူတင်က တွေ့ဆုံဖို့ ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ယူကရိန်း စစ်တပ်က မိမိတို့ စစ်တပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေ ရပ်တန့်တော့မှာပဲ အဓိပ္ပါယ် ရှိလိမ့်မှာ ဖြစ်ကြောင်း မိမိတို့အနေနဲ့ သဘောတူညီမှုတွေ လိုအပ်ကြောင်း ပူတင်က စီးပွားရေး ညီလာခံမှာ ပြောပါတယ်။

ကျွမ်းကျင်သူတွေကို အရင်ဆုံး အလုပ်လုပ်ခိုင်းပြီး ဖြေရှင်းချက် တချို့ ထုတ်ပြီးတော့မှ မိမိတို့ တွေ့ဆုံနိုင်မှာ ဖြစ်တယ်လို့ ပူတင်က ဖြည့်စွက် ပြောဆိုပါတယ်။

ပူတင်က အထူး စစ်တင်ရေးလို့ ပြောတဲ့ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှု ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီက စတင်ပြီးနောက်ပိုင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေ ပျက်စီးသွားပြီး လူသန်းပေါင်းများစွာဟာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ပူတင်ဆီကို ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ဇီလန်စကီးက အပစ်အခတ်ရပ်စဲဖို့လည်း တိုက်တွန်းထားပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီမှုရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ မိမိတို့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖို့ လိုအပ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်း သမ္မတရဲ့ အဆိုပြုချက်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ ပြင်သစ် သမ္မတ မက်ကရွမ် အပါအဝင် အဓိက မဟာမိတ်တွေက ထောက်ခံခဲ့ကြပါတယ်။

ပူတင်က တွေ့ဆုံဖို့ ငြင်းဆိုလိုက်ပြီးနောက် သူဟာ စစ်ပွဲ အဆုံးသတ်လိုစိတ် မရှိတာ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောဆိုထားပါတယ်။

Source: AFP/fs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.