ဘားအံ၊ ဇွန် ၇
ကရင်ပြည်နယ် ဘားအံမြို့အနီး သံလွင်မြစ်ကြောင်းအတွင်း ကော့လှိုက်ကျွန်းအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ ရေတပ်သင်္ဘောကနေ လက်နက်ကြီး ပစ်ခတ် စစ်ရေးလေ့ကျင့်သွားမယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
လာမယ့် ဇွန် ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်ရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ် အမှတ်(၄၆) စစ်ရေယာဉ်စု ကွပ်ကဲမှုအောက်ရှိ မြစ်တွင်းတိုက်ရေယာဉ် ၃၀၃ က ရေပြင်ပစ်မှတ်ပြုလုပ်ပြီး လက်နက်ကြီး ပစ်ခတ် လေ့ကျင့်ဖို့ စီစဉ်ထားတာပါ။
ဒါကြောင့် ရေပြင်ပစ်မှတ် စစ်ရေးလေ့ကျင့်နေတဲ့ ရက်မှာ လေ့ကျင့်တဲ့ဧရိယာနဲ့ သုံးမိုင်အတွင်း လူနဲ့ငါးဖမ်းရေယာဉ်တွေ၊ လှေသဗ္ဗာန်တွေ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကဆင့် အသိပေးတားမြစ်ထားပါတယ်။
သတ်မှတ်ရက်အတွင်း တားမြစ်ထားတဲ့ကြားက မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ထိခိုက်သူတွေအတွက် တာဝန်ယူမှာမဟုတ်သလို အရေးယူခံရမယ်လို့ စစ်တပ်ဘက်က သတိပေးထားပါတယ်။
အာဏာသိမ်း စစ်တပ်က ရေပြင်ပစ်မှတ် လက်နက်ကြီး ပစ်ခတ် စစ်ရေးလေ့ကျင့်မှုအပေါ် ဒေသခံပြည်သူတွေအကြား စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ် ရေပြင်လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မယ့် ကော့လှိုက်ကျေးရွာဟာ သံလွင်မြစ်ကမ်းပြိုမှု အန္တရာယ်ကို ဒေသခံပြည်သူတွေ ရင်ဆိုင်ခံစားနေရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

