ပေကျင်း ၊ ဇွန် ၇

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက် ဖော်ဆောင်သွားမှာဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပေးဖို့ မျှော်လင့်ကြောင်း စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ဇွန် ၅ ရက်နေ့က ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့မှုအတွင်း ပြောဆိုခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ မေနှောင်းပိုင်းမှာ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကို အိန္ဒိယဝန်ကြီးချုပ်က ဖိတ်ခေါ်ပြီး တရားဝင် ထိတွေ့ဆက်ဆံမှုတွေရှိခဲ့တဲ့အပေါ် တရုတ်အစိုးရကလည်း စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့အတူ ထိပ်သီးခေါင်းဆောင်တွေ အပြန်အလှန် ကူးလူးဆက်ဆံမှုနဲ့ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုတို့ကို တိုးမြှင့်ရေး မဟာဗျူဟာမြောက် ပူးပေါင်းမှုကို နက်ရှိုင်းစေရေးနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဦးမော့လာရေးကို အရှိန်အဟုန်မြှင့် ကူညီပေးလိုတယ်လို့ ဝမ်ယိက ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို တက်ကြွစွာ ဖော်ဆောင်ခြင်းကို ထောက်ခံသလို အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ခြင်းကိုလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကလည်း အစိုးရသစ်အနေနဲ့ တရုတ်နိုင်ငံနဲ့အတူ ထိပ်သီးခေါင်းဆောင်တွေ အပြန်အလှန် ကူးလူးဆက်ဆံမှုကို တိုးမြှင့်ရေးနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တွန်းအားပေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဆက်လက် နှိမ်နင်းသွားမှာဖြစ်သလို မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကိုလည်း အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။

ဒါဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့နဲ့ အဓိကစီမံကိန်းတွေကို တည်ငြိမ်အောင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းပြီး တရုတ်ရဲ့ အကျိုးစီးပွားတွေကို မြန်မာဘက်က အာမခံပေးဖို့ ဝမ်ယိရဲ့ ပြောဆိုမှုအပေါ် စစ်အစိုးရဘက်က တုန့်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်နိုင်ငံက ဆက်လက်ကူညီသွားရေး အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာတွေမှာလည်း နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်ပြီး အကျိုးတူပူးပေါင်းမှုတွေ တိုးမြှင့်ရေးတို့ကို သဘောတူညီခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.