မုဒုံ ၊ ဇွန် ၇
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ကြပ်ကြီး နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ အဲဒီတပ်ကြပ်ကြီး နှစ်ဦးဟာ စစ်ယူနီဖောင်း ဝတ်ဆင်ပြီး ဆိုင်ကယ် တစ်စီးနဲ့ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းအတိုင်း အဘစ်ကျေးရွာဘက်ကနေ နှီးပဒေါကျေးရွာဘက်ကို မောင်းနှင်လာစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။
စစ်တပ်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ အဲဒီတပ်ကြပ်ကြီး နှစ်ဦးဟာ နှီးပဒေါကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ဈေးဝယ်ဖို့ ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်ခတ်သွားတာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် တပ်ကြပ်ကြီး နှစ်ဦးဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အလောင်းကိုတော့ စစ်တပ်က လာရောက်ကောက်ယူပြီး တပ်ထဲ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ပစ်သတ်ခံရတဲ့ တပ်ကြပ်ကြီး နှစ်ဦးဟာ မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ်က ခွဲတပ်ကြပ်ကြီး စောဝင်းနဲ့ တပ်ကြပ်ကြီး အောင်အောင်တို့ ဖြစ်ပါတယ်။
တပ်ကြပ်ကြီး နှစ်ဦး ပစ်သတ် ခံရပြီးနောက် စစ်တပ်က နှီးပဒေါကျေးရွာနဲ့ အဘစ်ကျေးရွာ လမ်းပိုင်းတွေမှာ အင်းအား အများအပြား အသုံးပြုပြီး လုံခြုံရေး တင်းကျပ်ကာ ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တပ်ကြပ်ကြီး နှစ်ဦး ပစ်သတ်ခဲ့တဲ့ နှီးပဒေါကျေးရွာဟာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD အဓိက စစ်ရေးလှုပ်ရှားတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ကလည်း မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဂုံညှင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်ခါင်းဆောင် ဦးကျော်မြင့်ဟာ နေအိမ်မှာ သေနတ်နဲ့ဝင်ရောက် ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

