ကျိုက်ထို၊ ဇွန် ၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာနဲ့ ဌက်ပျောတောကျေးရွာကြားမှာ စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇွန် ၅ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်လောက်မှာ ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ကနေ ဌက်ပျောတောကျေးရွာဘက်ကို လက်နက်ကြီး သုံးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

အဲဒီထဲက လက်နက်ကြီးကျည် တစ်လုံးဟာ တဂေးချောင်းဖျားနဲ့ ဌက်ပျောတောကျေးရွာချင်းဆက်လမ်းပိုင်းအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တဂေးချောင်းဖျားကျေးရွာနေ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးဟာ ဝမ်းဗိုက်မှာ မိုင်းစဖောက်ဝင် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို ဒေသခံတွေက ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အလားတူ အဲဒီနေ့ နေ့လည် ၂ နာရီအချိန်လောက်မှာလည်း အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ကနေ ဘီးလင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာထဲကို လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ကျိုက်ထိုမြို့နယ် မုက္ခမော့ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.