တနင်္သာရီ၊ ဇွန် ၆
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့အနီးမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ထံက သိရပါတယ်။
မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်တဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကစလို့ မောတောင်မြို့ရဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ကလည်း မောတောင်မြို့ တကောဖောလူကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် ဒေသခံ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုမှုကြောင့် တကောဖောလူကျေးရွာနေ ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တကောဖောလူကျေးရွာ ဒေသခံတွေဟာ ၁၉၉၀ ဝန်းကျင်လောက်ကတည်းက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှာ စစ်ရှောင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ အစိုးရနဲ့ KNU ရဲ့ညှိနှိုင်းမှုကြောင့် အဲဒီနေရာက မြေဧက ၃၀၀၀ ပေါ်မှာ ရွာပြန်တည်ပြီး စစ်ဘေးရှောင်တွေကို ပြန်လည်နေရာချထားပေးတာလို့ သိရပါတယ်။
မောတောင်မြို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ် ထိုးစစ်ဆင်ပြီး မောတောင်ကိုပြန်ရဖို့ကြိုးစားခဲ့ပေမယ့် သိန်းခွန်၊ သဲဖြူရွာတဝိုက်မှာပင် လပေါင်းများစွာ ပိတ်မိခဲ့တာပါ။
အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ မြေပြင်တပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်အပါအဝင် လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးနောက် ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့မှာ မောတောင်မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

