မော်လမြိုင်၊ ဇွန် ၈
မွန်ညီညွတ်ရေးပါတီကို ကူညီအားဖြည့်ပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေအတွက် ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ဖို့ ရည်ရွယ်ပြီး မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ်ရုံးခန်း ဖွင့်လှစ်လိုက်ပြီလို့ ပါတီဘက်က အသိပေးထုတ်ပြန်ပါတယ်။
မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ်ရုံးခန်းကို မော်လမြိုင်မြို့ မြိုင်သာယာ ၁၉ လမ်းရှိ ပါတီဗဟိုရုံးနဲ့ တွဲလျက် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ပါတီမြို့နယ်ရုံးကို ဇွန် ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ဒီရုံးဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တတ်စွမ်းသမျှဖြည့်ဆည်းပေးနိုင်ဖို့ ဖွင့်လှစ်ထားတာလို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်)ရုံးနဲ့တိုက်ရိုက်ဆက်သွယ်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ အသိပေးနှိုးဆော်ထားပါတယ်။
တဖက်မှာလည်း မွန်ညီညွှတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ပေါင်၊ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းတွေ ဖွင့်လှစ်ထားပါတယ်။
ဒီအတွက် မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို လာရောက်ဆွေးနွေးတင်ပြကြဖို့ မွန်ညီညွှတ်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဖိတ်ခေါ်ထားပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်ဦးဆောင်ကျင်းပတဲ့ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားတဲ့ ပြည်နယ်အခြေစိုက် ပါတီတစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MUP

