ကွာလာလမ်ပူ၊ ဇွန် ၃

မလေးရှား အစိုးရက နိုင်ငံတွင်း နေထိုင်နေတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေ နှစ်သိန်းကျော်ကို စီမံခန့်ခွဲရေး အရှိန်မြှင့် ကြိုးပမ်းနေပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေအနေနဲ့ အလုပ်သမား ပြတ်လပ်နေတဲ့ ကဏ္ဍတွေမှာ ယာယီ အလုပ်လုပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

အခုနှစ်စကတည်းက မလေးရှား အစိုးရက သူတို့ရဲ့ ဒုက္ခသည် မှတ်ပုံတင် မှတ်တမ်းတင် စီမံကိန်း (DPP) ဦးဆုံးအဆင့်အရ ဒုက္ခသည်တွေကို မှတ်ပုံတင်ပေးနေပြီး သူတို့ရဲ့ ခန္ဓာကိုယ်ဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ဗဟို ကွန်ပြူတာ အချက်အလက် စနစ်ထဲမှာ ထည့်သွင်း သိမ်းဆည်းနေပါတယ်။

မှတ်ပုံတင်စနစ်ကြောင့် ဒုက္ခသည်တွေကို စည်းကြပ်ဖို့ အထောက်အကူပြုမှာ ဖြစ်ပြီး ဒုက္ခသည်တွေရဲ့ လူမှုဖူလုံရေး အခြေအနေတွေ တိုးတက်စေမှာ ဖြစ်သလို လုံခြုံရေး ကြီးကြပ်မှု အားပိုကောင်းလာစေမှာ ဖြစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီစီမံကိန်းအရ မှတ်ပုံတင်ထားပြီးသူ ၄၀၀၀ ကျော်ရှိနေပြီလို့ ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူးင် အီစမေးလ်က ပြီးခဲ့တဲ့လက ပြောပါတယ်။

အချက်အလက်စုဆောင်းမှု စနစ်က အသက် ၂၀ နဲ့ ၄၀ ကြား ဒုက္ခသည်တွေအတွက် အနာဂတ် အလုပ်နဲ့ ကိုက်ညီမယ့် အစီအစဉ်တွေအတွက် အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။

လုပ်သား အင်အား ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ကဏ္ဍတွေမှာရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ သူတို့ကို ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။

မလေးရှားအစိုးရက သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဒုက္ခသည်တွေကို ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ စိုက်ခင်းတွေနဲ့ ဝန်ဆောင်မှု ပေးတဲ့ ကဏ္ဍတွေလို အလုပ်သမား ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ကဏ္ဍတွေမှာ အလုပ်ပေးဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

နိုင်ငံတဝှမ်း လူဝင်မှု ကြီးကြပ်ရေး စင်တာတွေမှာ အခုလ စတင်ခဲ့တဲ့ အဲဒီ အစီအစဉ်ဟာ မလေးရှားမှာ အမြဲတမ်း နေထိုင်ခွင့်အတွက် လမ်းကြောင်း တစ်ခု မဟုတ်ဘူးလို့ ဆိုင်ဖူဒင်က ပြောပါတယ်။

သူတို့ကို အလုပ်ခန့်ထားတဲ့ အလုပ်ရှင်တွေအနေနဲ့ လက်ရှိ အလုပ်သမား ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး ကန်ဒေါ်လာ ၄၃၀ လောက်ရှိတဲ့ အနိမ့်ဆုံး လုပ်ခလစာ ပေးအပ်မှု၊ သင့်တော်တဲ့ နေရာထိုင်ခင်း စီစဉ်ပေးမှုတွေလည်း ပါဝင်ရမယ်လို့ သူက ပြောပါတယ်။

အဲဒီ အစီအစဉ်က ကုန်ကျစရိတ်များတဲ့ နိုင်ငံခြားသား လုပ်သားတွေအပေါ် အားကိုးနေရတဲ့ လုပ်ငန်းတွေအတွက် ကုန်ကျစရိတ် သက်သာစေမှာ ဖြစ်တယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။

ဒီအတောအတွင်း လူအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဒုက္ခသည်တွေကို အသုံးချစေခိုင်းတာမျိုး မရှိအောင် ကာကွယ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

အလုပ်လုပ်ချင်စိတ်ရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ မလိုလားအပ်တဲ့ တားမြစ်ကန့်သတ်မှုတွေနဲ့ ရင်မဆိုင်ရ သင့်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Source: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.